By Narinjara/ 2021 January 12
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၁၈၃ ဦးရှိပြီး ဒဏ်ရာရသူက ၆၅၄ ဦးရှိကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောကြားသည်။ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ အကြိမ်သက်တမ်း နောက်ဆုံးအကြိမ်လွှတ်တော်အစည်းအဝေးကို ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့က စတင်ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တက်ရောက်မိန့်ခွန်း ပြောကြားစဉ် ထိုသို့ ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။“ ၂ဝ၁၉ ခုနှစ် ဇန်ဝါရီလကနေ စပြီးတော့ တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီးတော့ ဒီဖြစ်ပွားခဲ့မှုကြောင့်လည်း ရခိုင်ပြည်နယ် ပြည်သူတွေ အနေနဲ့ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ မလုံခြုံမှု၊ အခက်အခဲတွေ၊ ထိခိုက်ဒဏ်ရာ သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့လည်း ထပ်မံ ရင်ဆိုင်ခဲ့ရပါတယ်။ စစ်ဘေးစစ်ဒဏ်တွေကြောင့် ယနေ့ထိ အပြစ်မဲ့ပြည်သူ ၁၈၃ ဦးသေဆုံးပြီးတော့ ၆၅၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ပြောသည်။၎င်းအထဲတွင် မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၄ဝ အထိ ရှိသည်ဟု ဆိုသည်။“ မိုင်းထိခိုက်မှုများကြောင့် ၄ဝ ဦးသေဆုံးပြီးတော့ ၇၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အမည်မသိအဖွဲ့မှ ပစ်ခတ်မှုကြောင့် ၃၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိပြီးတော့ ဖမ်းဆီးခံရမှုများလည်း ရှိခဲ့ပါတယ်။” ရခိုင်ပြည်နယ် အစိုးရနှင့် လူကယ်ပြန်မှ ၎င်းသူများကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။“ တိုက်ပွဲနှင့် မိုင်းထိခိုက်မှုများကြောင့် သေဆုံး ဒဏ်ရာရရှိသူတွေကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့သလို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အနေနဲ့လည်း လိုအပ်သလို ထောက်ပံ့ပေးအပ် ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။ ၎င်းပြင် အမည်မသိအဖွဲ့မှ ပစ်ခတ်မှုကြောင့် ရခိုင်တွင် သေဆုံးသူ ၃၆ ဦးနှင့် ဒဏ်ရာရသူ ၈ ဦးရှိကြောင်း၊ ဖမ်းဆီး ခံထားရသူများလည်းရှိကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသွားခဲ့သည်။
https://www.facebook.com/151742128171206/posts/3952557344756313/