ရခိုင်စစ်ရေးပဋိပက္ခဆွေးနွေးပွဲ အစိုးရအခန်းကဏ္ဍ ပျောက်ဆုံးနေ

By RFA/ 2021 January 6

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် နှစ်ပတ်တကြိမ် တင်ဆက်နေတဲ့ “သတင်းမြင်ကွင်းကျယ်” အပတ်စဉ် အစီအစဉ် ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီး အချိန်ကတည်းက မရသေးတာကတော့ ငြိမ်းချမ်းရေးပါ။ ဒီငြိမ်းချမ်းရေးကို ဖွဲ့စည်းတည်ဆောက်မှု အသစ်နဲ့ လာမယ့် ၅ နှစ်တာ အချိန်အတွင်း ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောသွားပါတယ်။နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ မှာ “ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းနေတယ်”လို့ သူပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားထားပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားသွားပါတယ်။ ဒါပေမဲ့ လက်ရှိတပ်မတော်နဲ့ AAအဖွဲ့တို့ ငြိမ်းချမ်းရေးစကား ပြောဆိုတာမှာ အစိုးရအနေနဲ့ တစုံတရာ ပါဝင်မှုရှိတာ မတွေ့ရပါဘူး။လွန်ခဲ့တဲ့ ၂နှစ်အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲအပြီးမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ AAဘက်က အဆိုပြုချက် ထွက်ပေါ် လာပြီးနောက် တပ်မတော်ကလည်း ထောက်ခံပြီး ဒေသတွင်းမှာ ပစ်ခတ်သံတွေ ရုတ်တရက် ရပ်သွားတာပါ။ တဆက်တည်း နှစ်ဖက်ဆွေးနွေးမှုတွေ ပေါ်လာသလို AAက ဖမ်းဆီးထားတဲ့ NLD အမတ်သုံးဦးနဲ့ တပ်မတော်သား သုံးဦးကို ပြန်လွှတ် ပေးပြန်ပါတယ်။ ငြိမ်းချမ်းရေးအတွက် တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ ရှေ့ခြေလှမ်း တလှမ်းတိုးပြီး ဆောင်ရွက် လာတာ မြင်သာပါတယ်။ ဒီဆောင်ရွက်ချက်တွေထဲမှာ အစိုးရရဲ့ ပါဝင်မှု အခန်းကဏ္ဍကိုတော့ မေးခွန်းထုတ် နေကြပါတယ်။ တိုင်းရင်းသားအရေး လေ့လာသူ ဦးသန်းစိုးနိုင်ကတော့ အစိုးရအနေနဲ့ ဘေးက ရပ်ကြည့်နေရတဲ့ အနေအထား ဖြစ်တယ်လို့ ပြောပါတယ်။အလားတူ ဝေဖန်နေကြတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အစိုးရ ဘေးဖယ်ခံထားနေရပြီလို့ ပြောနေတာပါ။ ဒီဝေဖန်ချက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးက ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အစိုးရ၊ တပ်မတော်နဲ့ ကြားက ဝင်ရောက်ဆောင်ရွက်ပေးတဲ့ အဖွဲ့တွေအနေနဲ့ သီးခြားစီ ဆွေးနွေးရတဲ့ လုပ်ငန်းတွေ ရှိနေတယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။အလားတူ AAအဖွဲ့က ပြောခွင့်ရ ဦးခိုင်သုခကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရ ကိုယ်တိုင်က ပိုပြီး တွန်းတွန်းတိုက်တိုက် ဦးဆောင်ပါဝင်ဖို့ လိုတယ်လို့ ပြောပါတယ်။ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFAက စာနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ ဒါပေမဲ့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ NLD အစိုးရ ၅ နှစ်သက်တမ်းအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တချို့မှာ တိုးတက်မှုအချို့ ရှိခဲ့ပါတယ်လို့ ပြောပါတယ်။လက်ရှိအခြေအနေမှာတော့ မကြာခင် ပြန်လည်ဖွဲ့စည်းတော့မယ့် NLD အစိုးရသစ်ဟာ တိုင်းရင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ နှစ်သစ်ကစပြီး ငြိမ်းချမ်းရေးကို ဖွဲ့စည်းတည်ဆောက်မှု အသစ်နဲ့ ဆောင်ရွက်သွားမယ် ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၂၁ နှစ်သစ်အတွက် နှုတ်ခွန်းဆက် မိန့်ခွန်းမှာ ကြားလိုက်ရတာ ဖြစ်ပါတယ်။

https://www.facebook.com/39218993127/posts/10160679368113128/

Leave a Reply

Your email address will not be published.