ရခိုင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးအဆို လွှတ်တော်မှာ ဆွေးနွေးမည်

By RFA/ 2021 January 12

ဓာတ်ပုံ – မင်းသိန်းအောင်/ RFA
(မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူအချို့ကို တွေ့ရစဥ်)

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေ လုံလုံခြုံခြုံနဲ့ နေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရက ထိရောက်တဲ့အကူအညီတွေ ပေးဖို့တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။ရသေ့တောင်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အဆိုတင်သွင်းခဲ့တာပါ။ ဒေသခံတွေဟာ မိုင်းနဲ့ စစ်ကျန်လက်နက်တွေရဲ့အန္တရာယ်နဲ့ လတ်တလော စားဝတ်နေရေး အခြေအနေတွေကြောင့် နေရပ်ပြန်လိုပေမယ့် အခက်အခဲဖြစ်နေတယ်လို့ အဆိုရှင်က ပြောပါတယ်။ ဒီအဆိုကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ပြီးနောက် ကန့်ကွက်မယ့်သူမရှိတာလို့ လွှတ်တော်မှာ ဆက်ပြီး ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြဖို့ လွှတ်တော်က ကြေညာခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ စတင်ပြင်းထန်လာ ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း တစ်သိန်းကိုးသောင်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။အဲဒီအထဲက လူဦးရေ တစ်သိန်းတစ်သောင်းကျော်ဟာ ဒုက္ခသည်စခန်းတွေဆီကို ရောက်မလာဘဲ နီးစပ်ရာတွေကို ထွက်ပြေး ခိုလှုံနေကြရတာပါ။ ရွေးကောက်ပွဲပြီးနောက်ပိုင်း AA နဲ့ တပ်မတော်ကြား နှစ်ဘက် အပစ်ရပ်ထားတဲ့အတွက် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ မရှိပါဘူး။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ ရှင်းလင်းရေးကို တပ်မတော်ကသာ လုပ်ဆောင်ရမှာဖြစ်တယ်လို့ RFA ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ပြောထားပါတယ်။

https://www.facebook.com/39218993127/posts/10160697614738128/

Leave a Reply

Your email address will not be published.