ရခိုင်စစ်ပွဲကြား မိုင်းထိသွားသော အပြစ်မဲ့ ပြည်သူများ

The Irrawaddy / January / 9 / 2021

မြေမြုပ်မိုင်း ဒဏ်ကြောင့် ခြေအစုံ ဖြတ်လိုက်ရသည့် မစန္ဒာအေး / မင်းအောင်ခိုင် / ဧရာဝတီ

By မင်းအောင်ခိုင် 9 January 2021

တုံးတိတိပြတ်တောက်နေသော ခြေအစုံကို အဖြူရောင် ပတ်တီးများ စည်းထားသည်ဆယ်ကျော်သက် အမျိုးသမီးငယ်တဦး ပက်လက် အနေအထားဖြင့် စစ်တွေမြို့ အလိုတော်ပြည့် စစ်ရှောင်စခန်းထဲက အိပ်ယာထက်တွင် လဲနေသည်။ ဒဏ်ရာများအပေါ် စိတ်ပျက်နေ၍လားမသိ၊ သူမ၏ မျက်ဝန်းများပင် ညိုးငယ်နေသည်။

ဒူးဇစ်အောက်နားလောက်မှ ပြတ်နေသည့် ခြေအစုံအပြင် ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများ ရရှိထားသဖြင့် ကိုယ်ကို တဘက်သို့လှည့် ရန်ပင် လူတယောက်က ထူပေးနေရသည့် အခြေအနေဖြစ်သည်။ သူမကို ထူထပေးရန် အတွက် မိခင်ဖြစ်သူ ဒေါ်ခင်သန်း က သူမ၏ ဘေးတွင် အချိန်ပြည့် စောင့်ပေးနေရသည်။ 

ဆယ်ကျော်သက် မိန်းမပျိုလေးအရွယ်တွင် ခြေအစုံ ဆုံးရှုံးလိုက်ရသည့် သူမကို မြင်လိုက်ရသူပင် စိတ်မသက်မသာ ဖြစ်ရပြီး အနာဂတ်ကို ဘယ်လိုရင်ဆိုင်ပါ့မလဲဟူ၍ ရင်လေးမိသည်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသည့် ကာယကံရှင် သူမ အနေဖြင့်တော့ မည်သည့်အတိုင်းအတာအထိ စိတ်ထိခိုက်နေမည်ဆိုသည်ကိုတော့ တွေးရုံဖြင့် သိနိုင်သည်။

သူမ၏ အမည်ကတော့ မစန္ဒာအေးဖြစ်ပြီး အသက်ကတော့ ၁၇ နှစ်သာရှိသေးသည်။ ကျောက်တော်မြို့နယ်၊ ရုပ်သား ကျေးရွာ ဇာတိဖြစ်ပြီး မိုင်းထိထားသည့် ခြေအစုံကို ဆေးကုသမှုခံယူရင်း စစ်တွေမြို့ အလိုတော်ပြည့် ဆရာတော်၏ စစ်ရှောင်စခန်းတွင်ဝင်ရောက် ခိုလှုံနေနေရသူဖြစ်သည်။ 

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ကျေးရွာအနီးရှိ ကျော်လမ်းတောင် ဆိုသည့် တောင်ပေါ်တွင် ဝမ်းရေးအတွက် မိခင်ဖြစ်သူနှင့်အတူ  ဟင်းသီး၊ ဟင်းရွက်များ သွားရောက်ရှာဖွေစဉ် မြေမြှုပ်မိုင်း ထိမှန်ခဲ့ခြင်းဖြစ်သည်။ 

မိခင်ဖြစ်သူ ဒေါ်ခင်သန်း က ၎င်းတို့ရွာတွင် တပ်မတော် စစ်ကြောင်း အဝင်အထွက်ရှိနေသဖြင့် မတည်ငြိမ်သည့် အခြေအနေကြောင့် မစန္ဒာအေး အား အဖိုး၊ အဖွားများရှိသည့် ပြိုင်းချောင်းရွာသို့ ပို့ဆောင်ထားရာမှ နောက်ပိုင်းတွင် ဝမ်းရေး အတွက် မိခင်ဖြစ်သူ တဦးတည်း၏ လုပ်အားဖြင့် မဖြေရှင်းနိုင်သဖြင့် သမီးကို ရွာပြန်ခေါ်ခဲ့ခြင်း ဖြစ်ပြီး ထိုနေ့မှာပင် မိုင်းထိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ 

“သမီးလေးက အဲဒီနေ့ မနက်ပိုင်းပဲ  ရွာကိုပြန်ရောက်တာ။ မနက်ပိုင်း ရောက်ရင် နေ့လည်ပိုင်း သားမိနှစ်ယောက် ကျောက်တော်ဈေးမှာ ဟင်းရွက်ရောင်းကြမယ်ဆိုပြီး သွားလိုက်တာ။ သမီးလေး တညတောင် ရွာမှာမနေလိုက်ရဘူး။ မိုင်းထိတာ” ဟု ဒေါ်ခင်သန်းက ပြောပြသည်။

မစန္ဒာအေးသည် သမီးအကြီး ဆုံးဖြစ်ပြီး ဖခင်အိမ်က ထွက်ခွာသွားသည့် နောက်ပိုင်းကတည်းက မိခင် ဒေါ်ခင်သန်းနှင့် အတူ မိသားစု ဝမ်းရေးကို တာဝန်ယူကာ ရှာဖွေလုပ်ကျွေး မွေးနေသူလည်း ဖြစ်သည်။ ရွာအနီးရှိ ကျော်လမ်းတောင်ပေါ်တွင် မန္ဒာအေးတို့ သားမိနှစ်ဦးမှာ တယောက်တလမ်းခွဲကာ တောင်ခါးပတ်များတွင် ဟင်းရွက် ခူးကြသည်။ 

ထိုနေ့က မိုးကလည်း သဲကြီး၊ မဲကြီးရွာချ နေသည်။ တုန်ချမ်းနေသည့် သမီးဖြစ်သူ မန္ဒာအေးကို အိမ်ပြန် လွှတ်သော်လည်း သမီးဖြစ် သူတော့ တဦးတည်း မပြန်ရဲသဖြင့် မိခင်နှင့်မလှမ်းမကမ်းတွင် ဟင်းရွက်များ ရှာရင်း မီးဖိုချောင်အတွက် ထင်းချောင်းများကိုပါ လိုက်ကောက်နေသည်။ 

ဟင်းရွက်များခူနေရင်း ဂျိမ်းဆိုသည့် အသံ နှင့်အတူ မန္ဒာအေး၏  လွယ်ထားသော ပလိုင်းနှင့်အတူ ခေါင်းပေါ်မှ ထင်းစည်းမှာ လွင့်စင်သွားခဲ့သည်။ 

 “ပထမတော့ သမီးက မိုးကြိုးပစ်တယ်လို့ထင်တာ။ သမီးခြေထောက် တွေကို ကြည့်လိုက်တော့  ခြေနှစ်ဘက်လုံး ပြတ်သွားတယ်။ သွေးတွေလည်း တအား ထွက်နေတယ်” ဟု မစန္ဒာအေးက  မိုင်း ထိမှန်ခဲ့သည့် ဖြစ်စဉ်ကို ပြန်ပြောပြသည်။ 

တဘက်တွင် ရှိနေသည့် မိခင် ဒေါ်ခင်သန်းလည်း ထိုပေါက်ကွဲမှု အရှိန်ကြောင့်ပင် မိုးကြိုးပစ်သည်လား၊ မိုင်း ပေါက်ကွဲ သလားဆိုသည်ကို ဝေခွဲမရ ဖြစ်နေသလို ခန္ဓာကိုယ်တခုလုံး ထူပူူနေသလို ခံစားရကြောင်း နားထဲတွင် သမီးဖြစ်သူထံမှ “အမေ သမီးကိုလာကယ်ပါ” ဆိုသည့် အသံကို ကြားတချက်၊ မကြားတချက် ဖြစ်နေသည်ဟု ဆိုသည်။ 

ဒေါ်ခင်သန်း ရုတ်တရက် သတိပြန်လည် ရရှိလာသောအခါ သမီးဖြစ်သူကို ပြေးထူလိုက်မှ မစန္ဒာအေးမှာ ခြေနှစ်ဘက်လုံး ပြတ်ထွက် သွားသည်ကို သတိပြုမိကြောင်းရှင်းပြသည်။ ထို့နောက် မိုးသဲထန်နေသည့်အကြား သွေးအလူးလူးဖြင့် လဲနေသည့် သမီးဖြစ်သူကို ဆေးရုံ အမြန်ပို့နိုင်ရေး ကြိုးပမ်းခဲ့ရကြောင်း သားမိနှစ်ယောက် ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ပြန်ရှင်းပြသည်။ 

မြေမြုပ်မိုင်းဒဏ်ကြောင့် ခြေတဘက်ဖြတ်လိုက်ရပြီး ဒဏ်ရာများဖြင့် ကျန်ခဲ့သည့် မအေးစိုး (ဓာတ်ပုံ – မင်းအောင်ခိုင်၊ ဧရာဝတီ)

“မိုးကလည်း တအားရွာနေတယ်။ ဒီတိုင်းဆင်းရင်တောင် ခြေချော်ပြီး လိမ့်ကျသွားနိုင်တဲ့အတွက် အဲဒါနဲ့သမီးလေးကို လက်နှစ်ဘက်နဲ့ပွေ့ထားပြီး ဖင်ထိုင်ချလိုက်တယ်။ ပြီးမှတဖြည်းဖြည်း ဆင်လာခဲ့ရတာ” ဟု ဒေါ်ခင်သန်း က ရှင်းပြသည်။

တောင်ပေါ်ကဆင်းလာပြီး ပတ်ဝန်းကျင်ကို အကူအညီအော်တောင်းသော်လည်း မိုးသဲထန်နေသဖြင့် မည်သူမျှ မကြားခဲ့ဟု ဆိုသည်။ သို့သော်လည်း အဖော်ဖြစ်သူ အမျိုးသမီးတဦး ရောက်ရှိလာသဖြင့် သမီးဖြစ်သူအား နှစ်ဦးသား ပွေ့ချီကာ ရွာရောက်ရန် ကြိုးစားခဲ့ကြသည်။ 

၎င်းအဖော်ဖြစ်သူ အမျိုးသမီးမှာ သွေးမြင်ပြီး ခေါင်းမူးသွားပြန်သဖြင့် ရွာတွင်ရှိနေသည့် ဆွေမျိုးသားချင်းများ ကိုသာသွားရောက် အကြောင်းရန်သာ လွှတ်လိုက်ရတော့သည်။ ညနေစောင်းချိန်တွင် ဆွေမျိုးသားချင်းများ ရောက်ရှိလာကာ မစန္ဒာအေးကို ကျောက်တော်ဆေးရုံသို့ စက်လှေဖြင့် ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ထိုမှတဆင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရ ခြင်းဖြစ်သည်။ 

“သမီး ခွဲခန်းထဲကနေ ထွက်လာပြီး သတိရလာတော့ ခြေနှစ်ဘက်လုံးက ဒူးဆစ်အောက်ကနေ မရှိတော့ဘူး။ အဲဒီအချိန်အထိ သမီးက ခြေမရှိတော့ဘူးဆိုတာ မယုံကြည်နိုင်သေးဘူး။ အိမ်မက် မက်နေတာလို့ပဲ ထင်နေသေးတယ်” ဟု မစန္ဒာအေးက ဆိုသည်။

နောက်ပိုင်းနေ့ရက်များတွင်တော့ မစန္ဒာအေးတယောက် ခြေနှစ်ဘက်လုံး မရှိတော့သည် အခြေအနေကို ယုံကြည် လက်ခံလိုက်ပြီး  ရှေးဆက်ရမည့်  ဘဝကိုလည်း စဉ်းစားမရအောင် ဖြစ်နေသည်ဟု မစန္ဒာအေးက သူမ၏ ပြတ် နေသည့် ခြေနှစ်ဘက်ကိုကြည့်ကာ ဝဲကျလာသည့် မျက်ရည်များကို အားတင်းထိန်းရင်း က ရှင်းပြသည်။  

စစ်ပွဲအလွန်ပြင်းထန်ခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ကျောက်တော်မြို့ နယ်အတွင်း၌ မစန္ဒာအေးတို့လို မိုင်းထိခဲ့သူ အပါအဝင် စစ်ကျန် လက်နက်များ ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးထိခိုက် ဒဏ်ရာသူ ၁၇ ဦး ထိရှိကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။ 

တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ ၂၀၁၈ ခုမှနေ ၂၀၂၀ နှစ်ကုန်ပိုင်းထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကာလအတွင်း ကျောက်တော်မြို့နယ်၌  သေဆုံးထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးထဲတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦးသာရှိပြီး ကျန်လူများမှာ အသက် ၁၈ နှစ်အောက် လူငယ် များဖြစ်သည်ဟုဆိုသည်။ 

“မိုင်းအန္တာရယ်က ဘယ်လောက်အထိ စိုးရိမ်ရတဲ့ အခြေအနေရှိလဲဆိုရင် အခု မိုင်းထိတဲ့ လူတွေက တကယ့်တိုက်ပွဲ ဖြစ်ခဲ့တဲ့နေရာတွေကို သွားလို့ ထိတာ မဟုတ်ဘူး။  ရွာအနီးက တောစပ်ကို ဟင်းသွားခူးရင်ထိတယ်။ ရွာမှာနေပြီး ကောက်ရတဲ့ ဗုံးတွေကို ဆော့ကစားရင်း ပေါက်ကွဲပြီး ထိတယ်။ အနီး အနားမှာကို အန္တရာယ်က ဝိုင်းဝိုင်းလည်နေတာ” ဟု  ဦးဦးထွန်းဝင်း က ပြောသည်။ 

ကျောက်တော်မြို့ နယ်အတွင်း ၂၀၁၈ ခုနှစ်မှ ၂၀၂၀ စက်တင်ဘာလအထိ စစ်ပွဲကာလအတွင်း သေဆုံးသူများမှာလည်း ၅၀ ဦးအထိ ရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၁၈ ဦး ရှိကြောင်း ဦးဦးထွန်းဝင်း က ဆိုသည်။ 

မြေမြုပ်မိုင်းဒဏ်ကြောင့် ခြေတဘက်ဖြတ်လိုက်ရသည့် ဦးသာထွန်း (ဓာတ်ပုံ – မင်းအောင်ခိုင်၊ ဧရာဝတီ)

မစန္ဒာအေးကဲ့သို့ လူသတ်မြေမြှုပ်မိုင်းကြောင့် ညာဘက် ခြေထောက်ပြတ် လိုက်ရသူကတော့ ပုဏ္ဏားကျွန်းမြို့နယ်  ဗုဒ္ဓေါကျေးရွာက အသက် ၁၈ နှစ်အရွယ် မအေးစိုး ဖြစ်သည်။ သူမကတော့ ၂၀၂၀ ခုနှစ်သြဂုတ်က ရွာ၏ အနောက်ဘက် ဆားတွင်းတောင်တန်းတွင် ဆွေမျိုးများနှင့် မျှစ်ချိုးသွားစဉ် မြေမြှုပ်မိုင်း ထိမှန်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါတောင်းတန်းအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က ယင်းဆားတွင်းတောင်တန်းတွင် တပ်စွဲနေထိုင်ရာ ရွာသားများက တခါတရံ တပ်မတော်သားများထံတွင် သတင်းပို့ပြီး သွားရသည်ဟုလည်း ကျေးရွာသားများ က ပြောသည်။ 

မအေးစိုးဖခင်ဖြစ်သူ ဦးမောင်စောဖြူမှာလည်း ထိုနေ့က အဆိုပါ တောင်တန်းတွင် မျှစ်ချိုးရန် စောစောသွား ရောက်ခဲ့ပြီး သမီးဖြစ်သူမှာတော့ အဖော် အမျိုးသမီးများနှင့်အတူ နောက်မှ လိုက်လာခဲ့ခြင်း ဖြစ်သည်။ မျှစ်သွားချိုးသည့် ဗုဒ္ဓေါကျေးရွာသားများသည် တောလမ်းအတိုင်း သွားကြစဉ် ဂျိမ်းဆိုသည့် အသံနှင့်အတူ မအေးစိုး တယောက် နေရာတွင် လဲကျ သွားသည်။ 

“သမီး ဂျိမ်းဆိုတဲ့ အသံပဲကြားလိုက်တယ်။ ဘာဖြစ်သွားတယ်ဆိုတာ သတိ မရတော့ဘူး။ အဖော်တွေက သမီးကို  ထမ်းပိုးပြီး တောင်အောက်ဘက်ကို ဆင်းတဲ့ အချိန်မှာပဲ သမီးခြေနှစ်ဘက် မိုင်းထိသွားတယ်ဆိုတာသိတာ” ဟု မအေးစိုးက ပြန်ရှင်းပြသည်။ 

ဖခင်ဖြစ်သူ ဦးမောင်စောဖြူကကလည်း “အဲဒီနေ့က ကျနော်သမီး မျှစ်ခူူးထွက်လာတယ်ဆိုတာလည်း မသိဘူး။ မိုင်း ပေါက်ကွဲသံတခုတော့ကြားလိုက်တယ်။  ကျနော်ကလည်း ကားလမ်မ တနေရာက ဖြစ်မယ်ပေါ့။  နာရီဝက်လောက်ကြာတော့ ရွာကနေ ဖုန်းဆက်လာတယ်။ ခင်များသမီး မိုင်းထိ သွားပြီ။ မြန်မြန်လိုက်လာပါတဲ့” ဟု ရှင်းပြသည်။

မအေးစိုးမှာ မိသားစု ဝမ်းရေးအတွက် ဝင်ငွေကူရှာပေး လိုသည့် အပြင် သီတင်းကျွတ်လပြည့်နေ့ရောက်လျှင် အဝတ်အထည်သစ်များ ဝယ်ယူရန် စိတ်ကူးဖြင့် မျှစ်ချိုးလိုက်ရာမှ မြေမြုပ်မိုင်းက ထိခဲ့ခြင်း ဖြစ်သည်။ မအေးစိုးမှာ မိုင်းထိခဲ့သဖြင့် ညာဘက်ခြေမှာ ဒူးခေါင်းအထိ ဖြတ်တောက် လိုက်ရပြီး မိုင်းစမှန်ထားသည့်  ဘယ်ဘက်ခြေမှာလည်း သေရာပါ ဒဏ်ရာများ ကျန်ခဲ့သည်။

– ရခိုင်စစ်ပွဲ ပဋိပက္ခကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြသည့် အရပ်သားများ (ဓာတ်ပုံ – မင်းအောင်ခိုင်၊ ဧရာဝတီ)

မင်းပြား မြို့နယ် ရွှေကျင်ကျေးရွာက အသက် ၅၀ ကျော်အရွယ် ဦးသာထွန်းမှာလည်း အိမ်ပြုပြင်ရန်အတွက် ဝါးသွားခုတ်ရင်း မြေမြှုပ်မိုင်း၏ သားကောင်းဖြစ်ခဲ့ရသည်။ ၂၀၂၀ ခုနှစ် မေလ ၂၈ ရက်နေ့က ရွာအရှေ့ဘက် တောင် တန်းကို ဝါးခုတ်ရန်အသွားတွင် မိုင်းထိမှန်ခဲ့ခြင်း ဖြစ်သည်။ 

“အိမ်ကို ပြင်ဖို့ ဝါးသွားခုတ်တာ။ တောထဲသွားဖို့ အဖော်လည်း မရှိဘူး။ အိမ်ကလည်း မပြင်ရင် ပြိုလဲတော့မယ့် အခြေအနေ ဖြစ်နေပြီ။ တနေ့မှာ ဝါးတစည်းလောက် ခုတ်ပြီးစုမယ်။ ပြီးရင် အိမ်ပြင်မယ်ဆိုပြီး သွားလိုက်တာမှာ မိုင်း ထိသွားတာ”  ဟု ဧရာဝတီသို့ ပြောသည်။ 

ဝါးခုတ်မည့်နေရာသို့မရောက်မီ လမ်းခုလတ်တွင် ဦးသာထွန်းတယောက် မိုင်းထိပြီး မြေကြီးပေါ်သို့ လဲကျသွားခဲ့ခြင်းဖြစ်သည်။ ဘယ်ခြေထောက်ပြတ်ထွက်ကာ ခန္ဓာကိုယ် ဘယ်ဘက်တခြမ်းလုံးမှာလည်း မိုင်းစများမှန်ထားသဖြင့် ဒဏ်ရာများ ရထားသည်ဟုဆိုသည်။ 

“အဖော်လည်း တယောက်မှမပါဘူး။ ဒဏ်ရာကလည်း သွေးတွေ အရမ်းထွက်နေတော့ ကျနော်ကတော့ ဒီနေ့ သေပြီလို့ ထင်ခဲ့တာ။ နောက်မှ ဖုန်းပါလာတာကို သတိရပြီး ရွာကို မိုင်းထိသွားပြီ မြန်မြန် လာယူပါဆိုပြီး ဖုန်းခေါ်လိုက်ရတာ”  ဦးသာထွန်းက ကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြသည်။ 

မြေမြုပ်မိုင်းထိမှန်ခဲ့သည့် နေရာကို အတိကျသိရှိရန်ဆွေမျိုးသားချင်းများက ဦးသာထွန်းထံ ဖုန်းပြန်ဆက်သွယ်သော်လည်း ဒဏ်ရာ အပြင်းအထန်ရထားပြီး သွေးအိုင်ထဲလဲနေသည့် ဦးသာထွန်းမှာ ဖုန်းမြည်သံသာ ကြားရပြီး ပြန်ဖြေဖို့ရာပင် အင်အားမရှိတော့ဘဲ ဖြစ်ခဲ့ရသည်ဟုဆိုသည်။ 

ကံကောင်းထောက်မစွာဖြင့် သူလဲကျနေသည့်နေရာကို ရွာသားများ ရှာတွေ့ ခဲ့ကြပြီး ဦးသာထွန်းကို ဆေးရုံကို ပို့ဆောင်ရန် လုံးပမ်းခဲ့ကြသည်။ ဦးသာထွန်းကတော့ ဒဏ်ရာဝေဒနာကို မခံစားနိုင်တော့သဖြင့် ဆေးရုံကို မပို့ဘဲ ရွာမှာဘဲ သေဆုံးခွင့်ပြုဖို့ပင် တောင်းဆိုခဲ့သည်ဟု ပြန်ရှင်းပြသည်။ 

ရခိုင်စစ်ပွဲ ပဋိပက္ခကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြသည့် အရပ်သားများ (ဓာတ်ပုံ – မင်းအောင်ခိုင်၊ ဧရာဝတီ)

“ကျပန်းလုပ်ကိုင်စားသောက်နေရတဲ့ ဘဝမှာ ဒီလို ခြေထောက်ပါ မရှိတော့ ဘူးဆိုတော့ ဒုက္ခိတ ဘဝနဲ့ ငါဘယ်လို လုပ်စားတော့မလဲ။ ငါသွေးလွန်ပြီး သေတာပဲကောင်းတယ်။ ဝေဒနာတွေလည်း မခံစားနိုင်တော့ဘူး။ ဆေးရုံ မပို့နဲ့ တော့ ငါရွာမှာ အေးအေးဆေးဆေးပဲ သေချင်တယ်။ လူဆိုတာ သေတနေ့၊ မွေးတနေ့ဆိုပြီး ကျနော်အဲလို တောင်းဆိုခဲ့တာ” ပြတ်သွားသည့် ဘယ်ခြေထောက်ကို ကြည့်ရင်း ဦးသာထွန်းက ပြန်ရှင်းပြသည်။

နောက်ဆုံးတွင် ရွာသားများက သူအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပန်းမြောင်းတိုက်နယ်ဆေးရုံ၊ မြောက်ဦးဆေးရုံ တို့မှတဆင့် စစ်တွေဆေးရုံကြီးသို့ အဆင့်ဆင့် ပို့ဆောင်ကုသခဲ့ပြီး ဘယ်ခြေတဘက်ကတော့ ဒူးခေါင်းအောက်ကနေ ဖြတ် တောက်လိုက်ရသည်။ 

လက်ရှိအချိန်တွင်တော့ ရွှေကျင်ရွာသား ဦးသာထွန်းမှာ ခြေတုအစားထိုး တပ်ဆင်ရန်အတွက် စောင့်ဆိုင်းပြီး စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက် စစ်ရှောင်စခန်းတွင် ဝင်ရောက်ခိုလှုံနေသည်။ 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ စစ်ရေးလှုပ်ရှားမှုများရှိနေသည့် ဒေသများတွင် ရွာသူ၊ ရွာသားများမှာ မြေမြုပ်မိုင်း အန္တရာယ်ကြောင့် လုံခြုံမှု မရှိတော့ပေ။ ဝမ်းရေး အတွက် ထွန်ယက်စိုက်ပျိုးရန်၊ ဟင်းသီးဟင်းရွက်ခူးရန်နှင့် တနေရာနှင့် တနေရာ သွားလာရန် အတွက် မြေအောက်တွင် မမြင်နိုင်သည့် မြေမြုပ်မိုင်းများ ရှိမရှိ အာမခံချက်မရှိပေ။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (Rakhine Ethnics Congress) ၏ကောက်ခံထားသော စာရင်းအရ ရခိုင်ပြည်နယ် အတွင်း မြေမြုပ်မိုင်း အပါအဝင် စစ်ကျန် လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၃ ဦးရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ ၆၇ ဦးရှိကြောင်းသိရသည်။ 

ယင်းသို့ သေဆုံးဒဏ်ရာ ရရှိသူမျာအထဲတွင် အမျိုးသမီးအမျာဆုံး ပါဝင်ကြသလို ကိုဗစ်ကြောင့် အကူအညီများ နည်းလာသည့် စစ်ဘေးရှောင်များကို ကျောခိုင်းပြီး အိမ်ပြန်သွားသူများလည်း ပါဝင်ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။ 

ရခိုင်စစ်ပွဲ ပဋိပက္ခကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြသည့် အရပ်သားများ (ဓာတ်ပုံ – မင်းအောင်ခိုင်၊ ဧရာဝတီ)

“စစ်ဘေးသင့်ပြည်တွေက ကိုဗစ်ဖြစ်တော့ အလှူရှင်တွေကလည်း နည်းလာတယ်။ မိသားစုစားဝတ် နေရေးအတွက်  မိုင်းရှိတယ်ဆိုတာကို သိပေမယ့် အရဲစွန့်ပြီး သွားကြတဲ့အခါ မိုင်းထိမှန်ကြတာပေါ့” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ယခင်က ထိုသို့ မြေမြုပ်မိုင်း အန္တရာယ်မရှိခဲ့သော်လည်း AA လက်နက်ကိုင် အဖွဲ့ ဝင်ရောက် လာပြီးနောက်ပိုင်း တပ်မတော်နှင့် စစ်ရေး ပဋိပက္ခများ ဖြစ်လာကာ ယခုကဲ့သို့ မြေမြုပ်မိုင်း ပြဿနာများ ဖြစ်ပေါ်လာပြီး အပြစ်မဲ့ ရခိုင်ပြည်သူ အများအပြား စတေးနေကြရခြင်းဖြစ်သည်။

ယခုကဲ့သို့ မြေမြုပ်မိုင်းကြောင့် သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပတ်သက်၍ လက်နက်ကိုင်ထားသည့် ၂ ဖွဲ့လုံးက တာဝန်ယူမှု တာဝန်ခံမှုများ မရှိခဲ့ကြဘဲ အပြစ်မဲ့ အရပ်သားများကသာ ရင်စည်းခံခဲ့ကြရသည်။ 

လက်ရှိအချိန်တွင်လည်း ရခိုင်ပြည်နယ်ထဲက မြေကြီးများအောက်တွင် မြေမြုပ်မိုင်းပေါင်း ဘယ်လောက် ရှိနေမည်လဲ။ နောက်ထပ် မစန္ဒာအေး၊ မအေးစိုးနှင့် ဦးသာထွန်း ကဲ့သို့ မြေမြုပ်မိုင်းကြောင့် အပြစ်မဲ့ အရပ်သား ဘယ်လောက်ထိ စတေးနေရဦးမည်လဲဆိုသည်ကိုလည်း မတွေးဝံ့တော့ပေ။

https://www.facebook.com/121507374560090/posts/4102074619836659/

Leave a Reply

Your email address will not be published.