ရခိုင်စစ်ကျန်လက်နက်တွေကြောင့် အရပ်သားထိခိုက်မှု

By VOA / January 20 / 2021

မကြာသေးခင် အချိန်အထိ လက်နက်ကိုင် ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ စစ် ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေအပြင် နောက်ဆက်တွဲ ဘယ်လိုဆိုးကျိုးတွေ ကြုံနေရသလဲဆိုတာ ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုတွေအပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသက်ဆုံးရှုံးတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေအပြင် နောက်ဆက်တွဲ လူမှုဘဝတွေကိုပါ ထိခိုက်မှုတွေလည်း ရှိနေပါတယ်။

ဒီနှစ်ထဲမှာပဲ ပထမဆုံးအကြိမ် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် မင်းပြားမြို့နယ် စပါးထားကျေးရွာက အသက် ၄၅ နှစ် အရွယ် အမျိုးသမီးတဦး သေဆုံးပြီး အနီးအနားက ကလေးတချို့ အပါအဝင် လူ ၉ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

“ဖြစ်တဲ့နေရာကတော့ သားရှိတဲ့ နေရာနဲ့ တစ်အိမ်၊ နှစ်အိမ်လောက်ပဲခြားတယ်။ အမေသွားပြီး နာရီလောက်ကြာတော့ အဲဒီဘက်က ပေါက်ကွဲသံကြားတယ်။ သားအမေပါသွားပြီလား၊ မသိဘူးဆိုပြီး သူငယ်ချင်းတွေကို မေးကြည့်တော့ အဲဒီအိမ်အောက်မှာ လူတွေ လဲနေကြတယ်။ ဆိုပြီးတော့ ပြောတယ်။ အလောတကြီးပြေးသွားပြီး ကြည့်တော့ အလောင်းကို တွေ့ရတာပေါ့။”

မောင်လှကျော်သန်းရဲ့ အသက် ၅၅ နှစ်အရွယ် ဖခင်ဖြစ်သူဟာလည်း ပြီးခဲ့တဲ့နှစ် ဇွန်လထဲ စပါးထားကျေးရွာအနီး တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာက သေဆုံးသူ ၆ ဦးမှာ တဦးအပါအဝင် ဖြစ်ခဲ့ပါ တယ်။

“ရွာနားမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တော့ အဖေတို့ ပုန်းနေတဲ့ နေရာကို လက်နက်ကြီး ကျည်ဆံကျတော့ ၆ ယောက်သေပြီးတော့ ကျန်တဲ့သူတွေက ဒဏ်ရာရသွားကြတယ်။ သေတဲ့အထဲမှာ အဖေလည်းပါတယ်။ အဲဒါကတော့ အဖေ့ရဲ့ အဖြစ်အပျက်ပေါ့။”ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြား အရပ်သား ထိခိုက်သေဆုံးမှုတွေ သာမက၊ မိုင်းတွေ၊ စစ်ကျန်လက်နက်တွေ အန္တရာယ်တွေကြောင့် နိုင်ငံတကာ အသိုင်းအဝန်းကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ကလေးတွေ သေဆုံး၊ ဒဏ်ရာရမှုတွေ တိုးလာတာဟာ စိုးရိမ်စရာ ကောင်းတယ်လို့လည်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က စပါးထားကျေးရွာ ပေါက်ကွဲမှုအပြီးမှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ သေဆုံးသူ ကလေး ၁၃ ယောက်နဲ့ အပြင်းအထန် ဒဏ်ရာရသူ ၅၆ ယောက် ရှိခဲ့ကြောင်းလည်း မှတ်တမ်းတင်ထားပါတယ်။လက်နက်ကိုင် ပဋိပက္ခတွေကြား မိသားစု ပြိုကွဲတဲ့အဖြစ်နဲ့ ကြုံခဲ့ရတဲ့ မောင်လှကျော်သန်း ကတော့ မိဘ ၂ ပါးစလုံး မရှိတော့တဲ့အတွက် ၉ တန်းကျောင်းသူ ညီမငယ်အတွက် စိတ်ပူနေပါတယ်။

“စိတ်ပူတာကတော့ ညီမလေးအတွက် ပိုစိတ်ပူတယ်။ အစစအရာရာ အဖေနဲ့ အမေပဲ လုပ်ကျွေးခဲ့တာလေ။ခံစားရတာကတော့ ကမ္ဘာကြီး တစ်ခုလုံး ပြိုကွဲသွားသလို ခံစားရတယ်။ အစစအရာရာ အဖေနဲ့ အမေပဲ လုပ်ကျွေးခဲ့တာလေ။ အဲဒီလိုလုပ်ကျွေးခဲ့ပေမဲ့ အဖေ့ကျေးဇူးကိုလည်း မဆပ်လိုက်ရသလို အမေ့ကျေးဇူးတွေကိုလည်း မဆပ်လိုက်ရဘူးပေါ့။ ဝမ်းနည်း မိတာပေါ့။”

မြန်မာနိုင်ငံမှာ မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ ၃ ပုံ ၁ ပုံကျော်ဟာ ကလေးတွေ ဖြစ်ကြပြီး တဝက်လောက်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်တယ်လို့ လည်း UNICEF ကပြောပါတယ်။မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း လက်နက်ကိုင် ပဋိပက္ခ တွေကြောင့် သေဆုံးရတဲ့ ကလေး ၄၉ ယောက် ရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးသူ ၁၃၄ ယောက်အထိ ရှိခဲ့တာကြောင့် အရင်တနှစ်ကထက် ပိုများလာတယ်လို့လည်း ပြောပါတယ်။ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲသွားတာ ၂ လကျော်ကြာ ရှိနေပြီဖြစ်ပေမဲ့ ပဋိပက္ခ တွေအ တွင်း အသုံးပြုခဲ့ကြတဲ့ မိုင်းနဲ့ လက်နက်တွေရဲ့ အန္တရာယ်ကတော့ စိုးရိမ်စရာအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

“ကျမတို့က တောတွေ၊ တောင်တွေကို သွားရတယ်။ ဟင်းခူးတယ်။ တောင်မှာ ထင်းခုတ် တယ်။ နေ့တိုင်းတောတောင်တွေကို သွားနေရတော့ ကလေးတွေက အပြင်သွားရင်းနဲ့ ပါလာတာလည်း ဖြစ်နိုင်တယ်။ စစ်ကျန်လက်နက်တွေလည်း ရှိနိုင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီတောင်ပေါ်မှာလည်း စစ်သားတွေ နေခဲ့တယ်လေ။ စိုးရိမ်တယ်။ ကျမတို့ကတော့ တောတွေ၊ တောင်တွေ သွားလို့ရှိရင် သံတွေ၊ ဘာတွေ တွေ့လို့ရှိရင်တောင် မယူပါဘူး။ ကလေးတွေကတော့ မသိလို့ ယူကြတာပဲဖြစ်မှာ။”

မိုင်းနဲ့ စစ်ကျန်လက်နက်တွေဟာ ကလေးတွေအတွက် ပိုပြီး အန္တရာယ်ရှိသလို၊ ပေါက်ကွဲမှုဒဏ်ကိုလည်း ပိုပြီးခံစားရနိုင်တယ်လို့လည်း UNICEF က သတိပေးထားပါတယ်။ဒါကြောင့်လည်း လက်နက်ကိုင် ပဋိပက္ခတွေမှာ ပါဝင်နေသူတွေ အားလုံးအနေနဲ့ မိုင်းထောင်တဲ့ လုပ်ရပ်တွေကို မလုပ်ကြဖို့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်ဆံတွေကို ရှင်းလင်းဖို့ လိုအပ်နေသလို၊ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်တွေကို သတိထားဖို့ အသိပညာပေး လုပ်ငန်းတွေ လိုအပ်နေတယ်လို့လည်း တိုက်တွန်းထားပါတယ်။

https://www.facebook.com/351574300169/posts/10158815615425170/

Leave a Reply

Your email address will not be published.