ယူနန်မှ ကျောက်ဖြူအထိ ရထားလမ်းဖောက်ရေး တရုတ် တွန်းအားပေးနေ၊ မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေ လေ့လာပြီးနောက် မန္တလေး- ကျောက် ဖြူ ရထားလမ်းဖြစ်နိုင်ခြေ ထပ်မံလေ့လာ

By Khit Thit Media / January / 9 /2021

ရန်ကုန်၊ ဇန်နဝါရီ ၁၀

တရုတ်နှင့်မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် မူဆယ်- မန္တလေး ရထားလမ်းဖြစ်နိုင်ခြေကို လေ့လာပြီးနောက် မန္တလေး-ကျောက်ဖြူ ရထားလမ်းဖြစ်နိုင်ခြေကို တရုတ်ဘက်က ထပ်မံ လေ့လာမည်ဖြစ်ပြီး တရုတ်ယူနန်မှ မြန်မာနိုင်ငံ ကျောက်ဖြူအထိ ရထားလမ်းပေါက်ရေး တရုတ် ဘက်က တွန်းအားပေးလျက်ရှိနေကြောင်း သိရှိရသည်။ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံ မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီးတရုတ်သံအမတတ် Mr. Chen Hai နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၏ ရှေ့မှောက်၌ China Railway Eryuan Engineering Group Co.,Limited မှ M. Wang Guoliang နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးအောင်ဝင်းမှ မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်အခြေစိုက် တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping မြန်မာနိုင်ငံသို့ ခရီးစဉ် လာရောက်စဉ်အချိန်က China Railway Eryuan Engineering Group Co.,Limited က မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ မူဆယ်-မန္တလေးရထားလမ်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု အစီရင်ခံစာ တင်ပြခဲ့ကြောင်း သိရှိရသည်။

တစ်နှစ်တာကာလအတွင်း နှစ်ဦးနှစ်ဖက်အတူ နည်းပညာအစီအစဉ်နှင့် ငွေကြေးထည့်ဝင်မှုနည်းလမ်းများ နှင့်စပ်လျဉ်း၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြောင်း၊ ယခုအကြိမ်တွင် နှစ်ဦးနှစ်ဖက်သည် မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ်သံအမတ် Mr. Chen Hai က နှစ်ဦးနှစ်ဖက် ရထားလမ်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် ကပ်ရောဂါအခြေအနေကိုကျော်လွှား၍ ဆက်တိုက်တွန်း အားပေး ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများသည် အလွယ်တကူရရှိလာခြင်းမဟုတ်ကြောင်း၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြနေခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်တွင်း ယူနန် တာလီ မှ ရွှေလီ အထိ ရထားလမ်းပိုင်းသည် ၂၀၂၃ ခုနှစ်ကုန်တွင် ဖောက်လုပ်ပြီးစီး၍ ရထားပြေးဆွဲနိုင်မည်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်အထိ ပေါက်ရောက်မည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာရထားလမ်း ချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံပြည်တွင်း ရထားလမ်း ဖောက်လုပ်ခြင်းသည် မြန်မာနိုင်ငံနှင့် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော ကြီးမားသည့်ဈေးကွက်ကြီး၊ ကျယ်ပြန့်သော အာရှ-ဥရောပကုန်းမြေ (Eurasia) ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်မည်ဟု အကြောင်းပြ၍ ယူနန်မှ-ကျောက်ဖြူအထိ ရထားလမ်းပေါက်ရေး တွန်းအားပေးခဲ့ကြောင်း သိရှိရသည်။

တရုတ်သည် ရခိုင်ပြည်နယ်ကျော်ဖြူတွင် ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်ဆောင်ကာ တရုတ်-မြန်မာ ရေနံပိုက်လိုင်းသွယ်တန်းခွင့်၊ ယူနမ်ကျောက်ဖြူ- ရထားလမ်းများ ဖောက်လုပ်ရန် ကြိုးပမ်းခွင့် စစ်ရေး၊ နိုင်ငံရေးနှင့် ပထဝီအနေအထားအရ အရေးပါသော အိန္ဒိယသမုဒ္ဒရာဘက်သို့ ထွက်ပေါက်ကို ရယူပိုင်ဆိုင်လွှမ်းမိုးနိုင်ရန် ဆောင်ရွက်ကြောင်း နိုင်ငံတကာအကဲခတ်များက ဝေဖန်ပြောဆိုထားသည်။

https://www.facebook.com/385165108587508/posts/1104715943299084/

Leave a Reply

Your email address will not be published.