မြောက်ဦးရှိ စစ်ဘေးရှောင်စခန်းများကို စစ်တပ်နှင့် ရဲပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမည်ဟူသော အကြောင်းကြားစာကြောင့် စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်ကြောက်လန့်နေ

By Westem News / January / 9 / 2021

ဇန်နဝါရီ ၉ ရက်

Western News-ထွန်းလှ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ဒုက္ခသည်စခန်း ၁၅ ခုကို မြန်မာ့တပ်မတော်၊ရဲတပ်ဖွဲ့အပါအဝင်သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများပါဝင်သည့်အဖွဲ့က စီစစ်စစ်ဆေးသွားမည်ဟု ဇန်နဝါရီ ၂ ရက်နေ့က အကြောင်း ကြားထားကြောင်းထားသည်။

စီစစ်စစ်ဆေးသွားမည်စစ်ဘေးရှောင်ဒုက္ခသည်စခန်းများမှာ မြောက်ဦးမြို့နယ်ရှိ ညောင်ပင်စျေး၊ လက်ကောက်စျေး၊ အောင်တပ်၊ လော်ကမူ၊ထမ္မရာ ဇ်၊ကျောက်ကျပ်၊ ဆင်ကဲ၊ တင်းထိန်ကန်၊ သံချောင်း၊ တောင်မြင့်၊ စစ်ဘော်ကိုင်း၊ ဝက်လှ၊ တိမ်ညို၊ ပြလှနှင့် နကန်ရှိ ဒုက္ခသည်စခန်းများကို စစ်ဆေးသွားမည်ဟုအကြောင်းကြားစာထဲတွင်ပါကြောင်းသိရသည်။

အဆိုပါ အကြောင်းကြားစာကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ စိုးရိမ်ကြောက်လန့်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။

“စစ်သားတွေပါမယ်လို့ကြားကတည်းက ကျွန်မတို့က ကြောက်လန့်နေရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာက အတွေ့အကြုံတွေအများကြီးရှိထားတယ်လေ။ အရင်လည်း မင်းပြားဖက်က စစ်ကားတွေလာတုန်းကလည်း ကျွန်မတို့ တိမ်ညိုစခန်းက ၁၂ နှစ်အရွယ် မိန်းကလေးတစ်ယောက်သေသွားတယ်။ သူတို့က ဘာမှမလုပ်ဘူးလို့ ဘယ်လောက်ပဲပြောပြော သူတို့လာရင်တော့ ထွက်ပြေးကြမှာပဲ အကုန်လုံး” ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်နေထိုင်သူ ဒေါ်စိန်စိန်ဌေး ကပြောသည်။

မြေက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်များမှာလည်း တပ်မတော်သားများ လာရောက်စစ်ဆေးမည်ဟူသော သတင်းကြောင့် စိုးရိမ်မှုများရှိနေကြသည်ဟု ယင်းစခန်းတာဝန်ခံ ဒေါ် အုံမာနွယ် ကပြောဆိုသည်။

“တော်တော်လေး ကြောက်လန့်နေကြရတယ်။ ကျွန်မတို့က စစ်သားတွေကြောင့် ထွတ်ပြေးနေကြ ရသူတွေဆိုတော့ စစ်သားပါမယ်ဆိုတာနဲ့ ကြောက်နေကြပြီ” ဟုပြောသည်။

စစ်ဘေးရှောင်ပြည်သူများသည် စစ်ဘေးဒဏ်များကို တွေ့ကြုံခံစားထားရသူများဖြစ်သည့်အတွက် လက်နက်ကိုင်အဖွဲ့အစည်းများကို ကြောက်လန့်နေကြကြောင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်စခန်းများကို ဝင်ရောက်စစ်ဆေးမည်ဆိုလျှင် ယူနီဖောင်း၊ လက်နက်ခဲယမ်းများမပါဘဲ သက်ဆိုင်ရာ ရပ်မိရပ်ဖများနှင့်ဆောင်ရွက်သင့်ကြောင်း မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က အကြုံပြုပြောကြားသည်။

“စစ်ဘေးရှောင်ဆိုတာ စစ်ဘေးစစ်ဒဏ်ကို ကြောက်လို့ သူတို့အတွက် လုံခြုံမယ်လို့ထင်တဲ့ ဒီစစ်ဘေးရှောင်စခန်းတွေမှာ လာရောက်ခိုလုုှုံနေကြတာဖြစ်တယ်။ စစ်ဘေးစစ်ဒဏ်ကို ကိုယ်တွ့ ကြုံတွေ့ထားသူတွေအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းဟူသမျှကို ကြောက်တယ်။ တကယ်လို့ စစ်ဆေးမယ်ဆိုရင်တောင် ယူနီဖောင်း၊ လက်နက်ခဲယမ်းတွေမပါဘဲနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတွေနဲ့ စစ်ဆေးသင့်တယ်” ဟုပြောသည်။

စစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်များမှာ “စစ်ဆေးရေးဟူသော” ခေါင်းစဉ်ဖြင့် စခန်းအတွင်းသို့ ဝင်ရောက် ဖမ်းဆီးခြင်းများပြုလုပ်မည်ကို စိုးရိမ်ကြောင်လန့်နေကြသည်ဟုလည်း လက်ကောက်စျေး စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးကျော်မင်းကပြောဆိုသည်။

ယင်းကဲ့သို့ စစ်ဘေးရှောင် ပြည်သူများတွင် စိုးရိမ်ကြောက်လန့်မှုများရှိနေခြင်းနှင့်ပတ်သက်၍ စစ်ဘေးရှောင်း စခန်းများကို ဝင်ရောက်စစ်ဆေးစဉ်အတွင်း အကြောင်းမဲ့ ရိုက်နှက်ခြင်းများ၊ သံသယဖြင့်ဖမ်းဆီးခြင်းများ မရှိရအောင် ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့အနေဖြင့် အကောင်းဆုံး ကြားဝင် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်ကပြောဆိုသည်။

“အဓိကတော့ မြေပြင်နဲ့ စာရင်းမှာ စစ်ဘေးရှောင်အရေအတွက်ကိုက်ညီအောင်၊ တပ်မတော်၊ ရဲ၊ ရပ်ကွပ်အုပ်ချုပ်ရေးမှူးတို့ နောက်ပြီးတော့ စစ်ဘေးရှောင်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်တွေနဲ့ အင်းအား အတည်ပြုရေးအတွက် စစ်ဆေးသွားမှာပါ။ ဝင်ရောက်စစ်ဆေးရာမှာလည်း အကြောင်းမဲ့ ရိုက်နှက်ကန်ကျောက်ခြင်းတွေ၊ သံသယဖြင့် ဖမ်းဆီးခြင်းတွေ မရှိရအောင် ကျွန်တော်တို့ အကောင်းဆုံး ကြားဝင် ချိတ်ဆက်ဆောင်ရွက် ပေးသွားမှာပါ။ ဘာမှစိုးရိမ်စရာမလိုဘူး ကျွန်တော်ကိုယ်တိုင်အာမခံတယ်” ဟုပြောသည်။

ယင်းအပြင် အဆိုပါ အကြောင်းကြားစာကို ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ကိုယ်စား နယ်လုံဝန်ကြီးက တရားဝင်ထုတ်ထားခြင်းဖြစ်ကြောင်းနှင့် မည်သည့်အချိန်၊ မည်သည့်နေ့တွင် မည်သည့် တပ်ရင်း၊ ရဲတပ်ဖွဲ့များဖြင့် စစ်ဆေးမည်ဆိုသည်ကို ညွန်ကြားချက်ရောက်မလာသေး၍ မသိရှိကြောင်း မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးက Western News ကိုပြောသည်။

မြောက်ဦးမြို့နယ်တွင် ဒုက္ခသည် စခန်း၂၇ ခုရှိပြီး အိမ်ထောင်စု ၅၂၀၅ စုရှိကာ လူဦးရေ ၂၀၇၆၀ ဦးရှိသည်ဟု ရခိုင်မျိုးနွယ်စုများ အစည်းအရုံး၏ ဒီဇင်ဘာ ၃ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

https://www.facebook.com/102405104899336/posts/208307034309142/

Leave a Reply

Your email address will not be published.