မြောက်ဦးမြို့ စစ်ရှောင်စခန်းများကို တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ စစ်ဆေးမည်

By မင်းအောင်ခိုင်/ Irrawaddy/ 2021 January 6

မြောက်ဦးမြို့မြတန်ဆောင်း စစ်ရှောင်စခန်း / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက် ကျေးရွာအုပ် ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ ဝင်ရောက် စစ်ဆေးမည်ဟု စစ်ရှောင်စခန်း ကော်မတီများထံသို့ ဒေသအာဏာပိုင်များက ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ တိမ်ညိုစစ်ဘေးရှောင် စခန်းမှ စခန်း ကော်မတီဝင် ဦးစိုးနိုင်က “ကျနော်တို့ စခန်းကို ဇန်နဝါရီ ၄ ရက်က စာရောက်တယ်။ အဲဒီစာမှာတော့ စခန်းတွေမှာ လူဦးရေ ဖောင်းပွနေတဲ့အတွက် လူဦးရေ စစ်ဆေး အတည်ပြုပြီး တော့ ရိက္ခာ ထောက်ပံ့မှုတွေကို ဆောင်ရွက်မယ် ဆိုတဲ့ ပုံစံမျိုးပါ။ ဒါပေမယ့်လည်း တပ်တွေ၊ ရဲတွေနဲ့ ဝင်ရောက် စစ်ဆေး မယ်ဆိုတော့ လူတွေကတော့ စိုးရိမ်မှုတွေ၊ ကြောက်စိတ်တွေတော့ ရှိနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မြောက်ဦးမြို့နယ် စစ်ရှောင်စခန်းများကို ဝင်ရောက် စစ်ဆေးမည့်အကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင် သာစိန်က လက်မှတ်ထိုးကာ ဒီဇင်ဘာလ ၃၁ ရက်စွဲဖြင့် စာထုတ်ကာ ညွှန်ကြားလာခြင်း ဖြစ်ကြောင်း စစ်ရှောင်စခန်း ကော် မတီဝင်များက ပြောသည်။

ပြီးခဲ့သော ၂၀၂၀ နိုဝင်ဘာလ ၆ ရက်ကလည်း တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မြောက်ဦးမြို့ပေါ်ရှိ မြို့ဦးဂေါင်း စစ်ရှောင်စခန်းကို ဝင်ရောက် စစ်ဆေးခဲ့ရာ လက္ကာကျေးရွာမှ ဝင်ရောက် ခိုလှုံနေသည့် အမျိုးသမီးတဦးကို ဖမ်းဆီးသွား သည့် ဖြစ်စဉ်ရှိသည့်အတွက် စစ်ရှောင်များက စိုးရိမ်နေကြရကြောင်း သိရသည်။

မြောက်ဦးမြို့ပေါ် မြတန်ဆောင်း ကျောင်းတိုက် စစ်ရှောင်းစခန်းမှ ဦးထွန်းဇော်မြင့် ကတော့ “စစ်ရှောင်စခန်းမှာ နေထိုင် ကြတဲ့ လူတိုင်းမှာ အကြောက်တရားတွေက ရှိတယ်။ ဒီလို အကြောက်တရား ရှိနေတဲ့ ပြည်သူတွေကို တပ်နဲ့ ရဲက ဝင်လာ ပြီးတော့ စစ်ဆေးမယ်ဆိုတော့၊ စစ်စရာရှိတယ် ဆိုပြီး ဖမ်းခေါ်မှာလား၊ ဘယ်လို ခေါင်းစဉ်တပ်ပြီး အဖမ်းခံရမလဲ ဆိုပြီး အားလုံးကတော့ စိုးရိမ်မှုတွေ ဖြစ်ကြရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦးမြို့ပေါ်ရှိ မြတန်ဆောင်း ကျောင်းတိုက် ဆရာတော်ကလည်း စစ်ရှောင်စခန်းများကို လိုအပ်ချက် အရ စစ်ဆေး မည်ဆိုပါက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကဲ့သို့ အရပ်ဘက်ဌာန ဆိုင်ရာများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အဖွဲ့အစည်းများနှင့်သာ ဝင်ရောက် စစ်ဆေးသင့်ကြောင်း မိန့်ကြားသည်။

မြတန်ဆောင်း ဆရာတော်က “စစ်ဆေးတယ်ဆိုတဲ့ စကားလုံးအောက်မှာ ဖမ်းသွားတာတွေ။ ပြန်မရောက်တာတွေ၊ ထောင် ထဲ ရောက်သွားတာတွေ အများကြီး ရှိပါတယ်။ တကယ်လို့ လူဦးရေ စစ်ဆေးဖို့ လိုအပ်တယ်ဆိုရင် လူ/ကယ် ပြန် ဌာနတို့ ၊ ကြက်ခြေနီအဖွဲ့တို့၊ အဲဒီထက် လိုအပ်ရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ဝင်ရောက် စစ်ဆေးရင် ရပါတယ်။ စစ်တပ်နဲ့ ရဲ ပါလာမယ် ဆိုရင် စစ်ရှောင်ပြည်သူတွေက နည်းနည်းတော့ စိုးရိမ်စရာတွေ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ မိန့်ဆိုသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးပြီး ညွှန်ကြားထားသည့် အဆိုပါ ညွှန်ကြားစာတွင် ယင်းမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများအား တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ စာရေးတို့ ပါဝင်သော အဖွဲ့နှင့် စိစစ်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ စစ်ရှောင်စခန်း စီမံခန့်ခွဲရေး ကော်မတီမှ အပြည့်အဝ ပူူး ပေါင်း ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်းပါရှိသည်။

အဆိုပါ အဖွဲ့၏ စိစစ်တွေ့ရှိချက်အပေါ် မူတည်ပြီး ရိက္ခာထောက်ပံ့ခြင်း ဆက်လက် ဆောင်ရွက်မည် ဖြစ်သလို စစ်ရှောင် စခန်း စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် ပူးပေါင်း ပါဝင်ခြင်း မရှိပါကလည်း ကျန်အဖွဲ့များ၏ ပူူးပေါင်းစစ်ဆေးချက်ရလဒ်အား အတည်ပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညွှန်ကြားစာတွင် ရေးသားဖော်ပြထားကို တွေ့ရသည်။

အဆိုပါ ညွှွန်ကြားထားသည့် စာနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရှိရန် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်အား ဧရာဝတီ မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က“အဲဒီကိစ္စကို ကျနော်လည်း တိတိကျကျ မသိ သေးဘူး။ ဒါက နယ်လုံ ဝန်ကြီးကို မေးမှသိရမယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေကို ကူညီဖို့၊ နေရပ်ပြန်သွားတဲ့သူတွေ၊ လက်ရှိ ရှိနေတဲ့သူတွေကို ကူညီဖို့အတွက် စာရင်းကောက်နေတာတော့ ရှိတယ်။ နောက်ပြီး စစ်ဘေးရှောင် စခန်းထဲမှာ နေအိမ် မီးလောင်သွားတဲ့သူတွေ၊ မသန်စွမ်းတွေ စတဲ့ လူတွေကို ကူညီပေးဖို့အတွက် စာရင်းတွေ ကောက်ယူနေတာ တော့ ရှိတယ်။ ဒါလောက်ပဲ ကျနော်ပြောနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အတွက် ဧရာဝတီမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ သုံးနှစ်နီးပါး ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မြောက်ဦးမြို့နယ်တွင် စစ်ရှောင် စခန်း၂၆ ခုရှိပြီး စစ်ဘေးရှောင် အရေအတွက် ၂ သောင်း ကျော်ရှိကြောင်းလည်း မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ တိုက်ပွဲကာလအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် စစ်ရှောင် အရေ အတွက်၂ သိန်းကျော်အထိ ရှိခဲ့သော်လည်း လတ်တလော အခြေအနေတွင် တိုက်ပွဲများ ရပ်တန့်နေသည့်အတွက် စစ် ရှောင်တချို့မှာ နေရပ် ပြန်သွားကြရာ လက်ရှိအခြေအနေတွင် ၁ သိန်း ၉ သောင်းကျော် အထိ ရှိနေကြောင်လည်း ရခိုင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပြုစုထားသည့် စာရင်းအရ သိရသည်။

https://www.facebook.com/121507374560090/posts/4093551994022255/

Leave a Reply

Your email address will not be published.