မြောက်ဦးတွင် အသစ်တွေ့ရှိထားသည့် ရှေးဟောင်းအဆောက်အအုံအား ထိန်းသိမ်းရန်လို

By Western News / January 31 / 2021

Western News – ထွန်းလှဇန်နဝါရီ ၃၁ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ အံတော်တိုက်စေတီဝင်းအတွင်း၌ ပြီးခဲ့သော ၂ ပတ်လောက်တွေ့ရှိထားသော ရှေးဟောင်းအဆောက် အအုံကို စနစ်တကျထိန်းသိမ်းရန်လိုအပ်နေကြောင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးကော်မတီက ပြောသည်။

မြောက်ဦးမြို့၊ ညောင်ပင်ဈေးဘုန်းကြီးကျောင်းအတွင်းရှိ အံတော်တိုက်စေတီဝင်းမှ ဆွေးမြေးပေါက်ပြဲနေသည့် လှေကားအား ဇန်နဝါရီလ ၁၆ ရက်နေ့က ကျောင်းထိုင်ဆရာတော်က ရှင်းလင်းရာတွင် အလျားပေ ၇၀ ကျော်၊ အနံပေ ၇၀ ကျော်ရှိသော ရှေးဟောင်းအဆောက်အအုံတစ်ခုကို တွေ့ရှိခဲ့သည်။

ယင်းအဆောက်အအုံအား သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုမှုများရှိသော်လည်း စနစ်တကျ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိသေးဟု ညောင်ပင်ဈေးဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးရေဝတက Western News ကိုမိန့်ကြားသည်။

“ရှေးဟောင်းအဆောက်အအုံတစ်ခုတွေ့တော့ ဦးဇင်းက သက်ဆိုင်ရာကို အကြောင်းကြားလိုက်တယ်။ သူတို့ လာရောက်ကြည့်ရှု တာတော့ရှိတယ်။ ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်တာတော့မရှိသေးဘူး” ဟု မိန့်သည်။

ယခုတွေ့ရှိသည့် ရှေးဟောင်းအဆောက်အအုံကိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နယ်မြေတာဝန်ခံ တစ်ယောက်စေလွတ်ထားသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောဆိုသည်။

“လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့ ဌာနကတာဝန်ခံတစ်ယောက်ကို ကြီးကြပ်ဖို့ တာဝန်ပေး ထားပါတယ်” ဟုပြောသည်။

မြောက်ဦးမြို့ တွင် တိုက်အိမ်းများဆောက်လုပ်ခြင်း၊ ကွန်ကရစ်လမ်း၊ တံတားများဆောက်လုပ်ခြင်းနှင့် ရှေးဟောင်းတံတိုင်းများ၊ ခံတပ်များရှိသည့် နေရာများတွင် စစ်ဘက်ဆိုင်ရာ တပ်စခန်းများ၊ ကတုတ်ကျင်းများအခိုင်အမာ ပြုလုပ်ထားခြင်းများကြောင့် ရှေးဟောင်းအမွေအနှစ်များမှာ ခိုက်ပျက်စီးမှုများရှိနေသည်ဟု မြောက်ဦးဒေသခံများက ပြောဆိုသည်။

ယင်းကဲ့သို့ ရှေးဟောင်းအမွေအနှစ်များထိခိုက်ပျက်စီးမှုများရှိနေ၍ ရှေးဟောင်း အမွေအနှစ်များဆိုင်ရာ အက်ဥပဒေများနှင့်အညီ နိုင်ငံတော်က အမျိုးသားအဆင့် ကာကွယ်ထိန်းသိမ်းပေးရန်နှင့် ဒေသခံ ရဟန်းရှင်လူပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်ကြောင်း မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက တိုက်တွန်းပြောဆိုသည်။

ရှေးဟောင်းအဆောင်အအုံကိုဖြစ်စေ၊ အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသဖြစ်စေဖျက်ဆီးခြင်း၊ ရှေးဟောင်းအဆောက်အအုံ၏ မူလရှေးဟောင်းပုံသဏ္ဍာန်ကိုဖြစ်စေ မူလရှေးဟောင်းလက်ရာကိုဖြစ်စေ၊ မူလရှေးဟောင်အမည်ကိုဖြစ်စေ၊ ပြောင်းလဲစေရန် တမင်ပြုလုပ်ခြင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းရှာဖွေရန် တူးစဖော်ခြင်း၊ ရေနံသဘာဝဓာတ်ငွေ့ ကျောက်မျက်ရတာနာ သို့မဟုတ် ဓာတ်သတ္တုရှာဖွေရန်တူဖော်ခြင်း မည်သူမျှ တိုင်ဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်သိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာထိန်သိမ်းရေးကေရာ်မတီ၏ ကြိုတင်ခွင့်ပြုချက်မရဘဲ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် မပြုလုပ်ဖို့ ဥပဒေထုတ်ပြန်ထားသည်။

မြောက်ဦးမြို့တွင် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ၊ တံတိုင်း၊ ကျုံးများနှင့် ပိဋိကတ်တိုက် စသည်တို့တည်ရှိသည့်နေရာပေါင်း တစ်ထောင်ကျော်ရှိပြီး အဆိုပါ ရှေးဟောင်းယဉ် ကျေးမှုအမွေ အနှစ်များမှာ စစ်ဘေးဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ်များကြောင့် ပျက်စီးယိုယွင်းမှုများ နှင့်ရင်ဆိုင်နေရ သည်။

https://www.facebook.com/102405104899336/posts/222076962932149/

Leave a Reply

Your email address will not be published.