By Development Media Group / January 29 / 2021
နှင်းနွယ် | DMGဇန်နဝါရီ ၂၈ ၊ စစ်တွေမြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဒဏ်ခံစားနေရသည့်နေရာများမှ လူတစ်သန်းခန့်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်လျှက်ရှိနေကြောင်း ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း များ၏ ဇန်နဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်ကဆိုသည်။
ကုလသမဂ္ဂနှင့်လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ ၂၀၂၁ ခုနှစ်၊ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်(HRP)တွင် ကချင်၊ ကရင်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ထိခိုက် လွယ်သူဦးရေ ၉၄၅,၀၀၀ ခန့်အတွက် လူသားချင်းစာနာမှုအကူအညီနှင့် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင် မှုများဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၂၆၇ ဒသမ ၅ သန်းကို အသုံးပြုမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးတာဝန်ခံ မစ္စတာ Ola Almgren က “မြန်မာနိုင်ငံအစိုးရ၊ ဒေသခံမိတ်ဖက်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရင်း လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်မှာ ထည့်သွင်းထားတဲ့နေရာတွေဆီက ယာယီစခန်းတွေမှာ ကာလရှည်ကြာ နေထိုင် နေကြရသူဦးရေ ၂၅၀,၀၀၀ အပါအဝင် နေရပ်စွန့်ခွာသူခန့်မှန်းခြေ ၃၃၆,၀၀၀ ဦးအတွက် ရေရှည်တည်တံ့မယ့် အဖြေရရှိအောင် ကြိုးပမ်းမှုဟာအလွန်အရေးပါတယ်” ဟု ပြောသည်။
Covid-19 ကပ်ရောဂါနှင့်ပတ်သက်၍ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ၂၀၂၀ ခုနှစ် အတွင်း အမျိုးသားအဆင့်မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံအရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လိုက်လျောညီထွေမှုရှိအောင်လုပ်ဆောင်ခဲ့သလို ၂၀၂၁ ခုနှစ်တွင်လည်း ယခင်ဆောင်ရွက်ခဲ့သည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။အဆိုပါတုံ့ပြန်မှုအစီအစဉ်သည် ရေရှည်ဖွံ့ဖြိုးမှုစီမံကိန်းမူဘောင်များနှင့် ချိတ်ဆက်မှုများကိုပါ တိုးမြှင့် လုပ်ဆောင်ရန်ရည်ရွယ်ထားကြောင်း Mr.Almgren ဆိုသည်။
၂၀၂၀ ခုနှစ်က လူသားချင်းစာနာမှုအကူအညီအတွက် Covid-19 တုံ့ပြန်ရေးအပါအဝင် စုစုပေါင်းရန်ပုံငွေ လိုအပ်ချက်၏ ၆၇ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၈၅ သန်းအား (HRP)မှတစ်ဆင့် အသုံးပြုခဲ့ ကြောင်းနှင့် အဆိုပါအကူအညီသည် ပဋိပက္ခခံစားနေရသည့်ဒေသမှ လူပေါင်းများစွာအတွက် အပြောင်းအလဲ တစ်ခုကိုဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ထိုသို့ကူညီထောက်ပံ့ပေးမှုများကို ပေးနိုင်ခဲ့သော်လည်း သိသာထင်ရှားသည့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာအခက်အခဲများကို ၂၀၂၀ ခုနှစ်အတွင်းတွင် ဆက်လက်ဖြေရှင်းကြရမည်ဟု Mr.Almgren ကပြောသည်။
“၂၀၂၀ ခုနှစ်မှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေကိုအခြေခံပြီး အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသခံမိတ်ဖက်အဖွဲ့တွေနဲ့ အနီးကပ်ပူးပေါင်းပြီး ယခုနှစ်အတွင်း ပိုမိုလုပ်ဆောင်နိုင်အောင်ကြိုးပမ်းကြရမယ်။ အရေးကြီးဆုံးတစ်ချက် အနေနဲ့ မိမိတို့ရဲ့လူသားချင်းစာနာမှုအကူအညီတွေ အများကြီးလိုအပ်နေသူတွေဆီကို ဘေးကင်းစွာနဲ့ သွားရောက်ခွင့်ရရှိဖို့ပါ” ဟု ၎င်းကဆိုသည်။
လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းက ပဋိပက္ခခံစားနေရသည့် ဒေသများမှ အမျိုးသမီးများနှင့်ကလေးငယ် ၈၃,၀၀၀ ကျော်အတွက် အဟာရအကူအညီ၊ လူပေါင်း ၂၄၀,၀၀၀ ခန့်အတွက် ယာယီတဲများနှင့် အခြေခံအိမ်သုံးပစ္စည်းများ၊ လူဦးရေ ၃၉၀,၀၀၀ ခန့်အတွက် သန့်ရှင်းသော သောက်သုံးရေ၊ ကလေးငယ် ၇၅,၀၀၀ ဦးအတွက် အရေးကြီးပညာရေးအထောက်ပံ့များကို ပေးအပ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
https://www.facebook.com/466648543487562/posts/1931390210346714/