မြန်မာနိုင်ငံတွင် ၃ လကျော်အတွင်း ဥပဒေမဲ့သတ်ဖြတ်ခံရသူ ၁၆ ဦးရှိ ရခိုင်၌ အများဆုံးဖြစ်

By Western News/ 2021 January 28

ခင်သီတာ


မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေး ချိုးဖောက်ခံရမှုများမှာ ဥပဒေမဲ့သတ်ဖြတ်ခြင်းခံရသူ ၁၆ ဦး၊ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၃၃၀ ဦးနှင့် လွတ်လပ်စွာ သွားလာခွင့်ပိတ်ပင်တားဆီးခံရသူ ၁၇ ဦးထိရှိသည်ဟု Generation Wave မှ ထုတ်ပြန်သည်။
Generation Wave က ဇန်နဝါရီ ၂၈ ရက်နေ့ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်မှ ၅ ဦးနှင့် ရခိုင်ပြည်နယ် မှ ၁၁ ဦးထိရှိပြီး စုစုပေါင်း ဥပဒေမဲ့ သတ်ဖြတ်ခံရသူ ၁၆ ဦးရှိကြောင်းထုတ်ပြန်သည်။
ဥပဒေမဲ့သတ်ဖြတ်ခံရမှုများနှင့် ပတ်သတ်၍ မျိုးဆက်လှိုင်းအဖွဲ့မှ အထွေထွေအတွင်းရေးမှူး မအိအိမိုးက “ခုလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တပ်မတော်က အများဆုံးကျူးလွန်တယ်လို့ ကျွန်မတို့ တွေ့ရှိရ တယ်ပေါ့နော်။ အဲ့ဒီအတွက် ပထမဆုံးအနေနဲ့ ကျွန်မတို့က ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုတွေလုပ် ဆောင်ပေးဖို့ ကျွန်မတို့တောင်းဆိုပါတယ်။ နောက်တစ်ခုက ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးက စလို့ပေါ့နော်။ ”ဟုပြော သည်။
ဥပဒေမဲ့သတ်ဖြတ်ခံမှုတွင် စစ်တပ်ကကျူးလွန်သည့်အမှု ၉ ခု၊ တိုင်းရင်းသားလက်နက်ကိုင်ကျူးလွန်သည့် အမှု ၁ ခုနှင့် လက်သည်မပေါ်သည့်အမှု ၃ ခုထိတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းပြင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူ ၃၃ဝဦးတွင်လည်း ရခိုင်မှ လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ လူ့အခွင့် အရေး လှုပ်ရှားသူ ၃ ဦးနှင့် သတင်းမီဒီယာ ၁ ဦးတို့ မတရားဖမ်းဆီးခံခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဥပဒေမဲ့သတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှု များနှင့် လွတ်လပ်စွာ သွားလာခြင်း ပိတ်ပင်ခံရမှုများကို မျိုးဆက်လှိုင်းအဖွဲ့အနေဖြင့် သတင်းမီဒီယာများမှစနစ်တကျစောင့်ကြည့်လေ့လာခဲ့ပြီး ယင်းထဲမှ စစ်တပ်က အများဆုံးကျူး လွန်ခြင်းကို သိရှိရကြောင်းနှင့် ယခုကဲ့သို့ ကျူးလွန်မှုများကို ထိထိရောက်အရေးယူရန်လိုကြောင် ၎င်းကဆက်ပြောသည်။
မျိုးဆက်လှိုင်းအဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှ စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ချက်တွင်လည်း ဥပဒေ မဲ့သတ်ဖြတ်ခံရသူ ၄၆ဦး၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူ ၁၂၄ ဦးနှင့် လွတ်လပ်စွာသွားလာခွင့်ပိတ်ပ်ခံထားရသူ ၅၈ ဦးထိရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်နေ့နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
Western News- WN

https://www.facebook.com/102405104899336/posts/220280176445161/

Leave a Reply

Your email address will not be published.