By Mizzima /January 20 /2021

ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် သစ်ပုတ်ကျေးရွာတွင် အရွယ်မရောက်သေးသူ ခြောက်ဦးအပါအဝင် ရခိုင်မြောက်ပိုင်းမှလာသော မွတ်ဆလင် ၃၄ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေကပြောသည်။

စက်လှေတစ်စီးကို ဇန်နဝါရီ ၁၉ ရက် နံနက် ၆ နာရီခန့်က သောင်ပြင်တွင် ဒေသခံများကတွေ့ရှိခဲ့ကြရာက အာဏာပိုင်များထံအကြောင်းကြားခဲ့သည်ဟု ဆိုသည်။
“လူတစ်ယောက်ကလာပြီးစက်လှေစက်ပျက်သွားလို့ စက်ဆရာခေါ်ခိုင်းတယ်။ ခေါ်ပေးခတစ်သိန်းပေးမယ်လို့ ပြောတယ်။ အဲ့ဒါနဲ့မသင်္ကာလို့ ကျေးရွာတာဝန်ခံနဲ့ ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်”ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သော ဒေသခံ ဦးခင်ဇော်က ပြောသည်။
၎င်းဖမ်းဆီးရမိသူများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမှုရှိ မရှိအား Rapid Testkit ဖြင့် စစ်ဆေးရာမည်သူမှ ပိုးကူးစက်ခံရခြင်းမတွေ့ရကြောင်းသိရသည်။လက်ရှိအချိန်တွင် ၎င်းတို့အားသစ်ပုတ်ကျေးရွာရှိဘုန်းကြီးကျောင်းတွင် ကွာရန်တင်း Quarantine ထားရှိကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရသိရသည်။
“စကားပြန်နဲ့ သူတို့ကိုစစ်ဆေးလိုက်တော့ ဘူးသီးတောင်၊မောင်တောနဲ့ စစ်တွေမှာနေတဲ့သူတွေလို့ပြောတယ်။ တောထဲမှာလူစုပြီးမလေးရှားကိုသွားဖို့စက်လှေသုံးစီးနဲ့ ထွက်လာတယ်လို့ ပြောတယ်။ ဒီမှာဖမ်းမိတာတော့ တစ်စီးပဲ၊ ကျန်တဲ့နှစ်စီးကအခုအထိမတွေ့သေးဘူး။”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုမြင့်နိုင်မှပြောသည်။
နိုင်ငံသားအဖြစ်အသိအမှတ်မပြုထားသော ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များကို ခရီးသွားလာခွင့်ကန့်သတ်ထားပြီး အခြားသောဒေသများတွင်တွေ့ရှိလျှင် ဖမ်းဆီးကာ တရားစွဲထောင်ချမှုလုပ်ခဲ့သော်လည်း မကြာသေးခင်စ၍ တရားမစွဲဘဲ နေရင်းပြန်ပို့လေ့ရှိသည်။

၎င်းတို့အားခေါ်ဆောင်လာသည့် စက်လှေမောင်းသမားသုံးဦးမှာထွက်ပြေးသွားခဲ့ပြီး လက်ရှိအချိန်အထိဖမ်းဆီးရမိခြင်းမရှိသေးဟုဆိုသည်။လက်ရှိတွင် ရဲတပ်ဖွဲ့နှင့်အခြားသက်ဆိုင်သည့် ဌာနဆိုင်ရာများမှအသေးစိတ်အချက်အလက်များအားစစ်ဆေးစုံစမ်းလျှက်ရှိပြီး အမှုဖွင့်အရေးယူမည့်အခြေအနေအား မသိရသေးဟု ဆိုသည်။