By Western News / January 22 / 2021

Western News -ခိုင်ဇော်ထွန်း ဇန်နဝါရီ ၂၂ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာမှ ဝါးခုတ်ရန်သွားသည့် ကျေးရွာသားနှစ်ဦးကို အမည်မသိလက်နက်ကိုင်ဆောင်ထားသောလူတစ်စုမှရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ အဆိုပါဖြစ်စဉ်မှာ ဇန်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက အောင်သုခကျေးရွာမှ ဦးကျော်ဇောအောင် အသက် ၅၅ နှစ်နှင့် ဦးမင်းသိန်းထွန်း အသက် ၃၈ နှစ်တို့ ၂ ဦးမှာ ကျေးရွာ၏ အရှေ့ဘက် မေယုတောင်သို့ ဝါးခုတ်ရန် သွားစဉ် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ခုမှ ကြိုးဖြင့်တုတ်ကာ၊ မျက်နှာကို အဝတ်ဖြင့်စည်းပြီး ရိုက်နှက်ခဲ့ကြသည်ဟု ဦးကျော်ဇောအောင်၏ သမက်တော်စပ်သူ ကိုကျော်ဆန်းမင်းကပြောသည်။
“သူတို့နှစ်ဦးစလုံးကတော့ သတိရတယ်။ စကားလည်းပြောနိုင်တယ်။ ဓာတ်မှန်ရိုက်ကြည့်ပြီးမှ အတွင်းမှာ ဘာဖြစ်သွားလည်းဆိုတာကို သိရမယ်။ နှစ်ဦးစလုံးက မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ မနေ့က နေ့လည် ၁၁ နာရီလောက်မှာ ရိုက်နှက်ခံခဲ့ရတာ။ ရိုက်နှက်ခဲ့သူတွေအားလုံးကတော့ ၅ ယောက်လို့သိရတယ်။ သူတို့မှာ သေနတ် တစ်ယောက်တစ်လက်စီပါတယ်လို့ ပြောတယ်။ အဲဒီပါလာတဲ့ သေနတ်ဘောင်နဲ့ ထုတယ်။ လက်သီးတွေနဲ့ထိုးတယ်လို့ပြောတယ်။ ဝါးချွန်တွေနဲ့ထိုးတယ်လို့ပြောတယ်”ဟုပြောသည်။
ကျေးရွာသား ၂ ဦးကို ရိုက်နှက်နေချိန်တွင် ဖုန်းမက်ဆေ့ချ်တစ်ခုဝင်လာပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ပြီး ဒဏ်ရာရရှိခဲ့သဖြင့် မောင်တောဆေးရုံသို့ ပို့ဆောင်ကာဆေးဝါးကုသမှု ခံယူနေရကြောင်းလည်းသိရသည်။ အောင်သုခကျေးရွာတာဝန်ခံဖြစ်သည့် ဦးသိန်းသိန်းထွန်းကလည်း ရိုက်နှက်ခံရမှုမှာ ဟုတ်မှန်ပြီး ဘင်္ဂါလီစကားပြောသော လက်နက်ကိုင်ဆောင်ထားသည့် လူ ၅ ဦးကရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။
ရိုက်နှက်ခံရမှုနှင့်ပတ်သတ်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူးအားဆက်သွယ်ရာတွင် ရိုက်နှက်ခံရမှုမှာ ဟုတ်မှန်ပြီး ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်းပြောသည်။
“ဒဏ်ရာအခြေအနေက ဘာမှမစိုးရိမ်ရပါဘူး။ ဆေးရုံကတောင်ဆင်းသွားပြီ။ သူတို့အမှုပဲပေါ့။ အရိုက်ခံရတဲ့သူကအမှုဖွင့်ပေါ့။ ရဲကလိုက်ရှာပေါ့ ဒါပဲရှိတယ်။ ကျွန်တော်ကဘာလုပ်ရမှာလဲ။ ကျွန်တော်က အုပ်ချုပ်ရေးကလေ။ သူတို့အမှုဖွင့်လို့ ရဲကမလုပ်ပေးဘူးဆိုရင် ကျွန်တော်က ညွှန်ကြားရုံပဲ။ ဒါပဲရှိတယ်”ဟုပြောသည်။
https://www.facebook.com/102405104899336/posts/216429030163609/