By Narinjara / January / 14 / 2021
ဇွဲဓန (ကိန်းသာမြေ)
နိရဉ်စရာ၊ ဇန်နဝါရီ ၁၄ / ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အသက် ၁ဝဝ နှစ်အထက် ဘိုးဘွား ၇ ဦးအပါအဝင် အသက် ၈၅ နှစ် အထက် ဘိုးဘွား ၃၁၅ ဦးအား တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ လူမှုရေးပင်စင်များ ထောက်ပံ့ ပေးအပ်နေကြောင်း သတင်းရရှိသည်။
မြို့ပေါ်ရပ်ကွက်များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ ကိုယ်တိုင်ကွင်းဆင်းပေးအပ်ခဲ့ကြောင်း၊ ကျေးလက်တောရွာများတွင် နေထိုင်သူ ဘိုးဘွားများအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှပေးအပ်သွားမည်ဖြစ်ကြောင်း၊ မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်ကနိရဉ်စရာသတင်းဌာနသို့ပြောသည်။
̏ ဘိုးဘွားတစ်ဦးကို တစ်လ တစ်သောင်းနှုန်းနဲ့ သုံးလ တစ်ကြိမ် ထောက်ပံ့ပေးတယ်။ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) သုံးလဆိုရင် သုံးသောင်းကျပ်ပေါ့။ ဒီလိုပေးတာ တစ်နှစ်ကို လေးကြိမ်ဖြစ်တယ်။ အခု ကိုဗစ်ကာလဖြစ်လို့ မြို့ပေါ် ရပ်ကွက်တွေကိုဘဲ ကျနော်တို့ဌာနက ကိုယ်တိုင်သွားရောက်ပေးနိုင်တယ်။ ကျေးရွာတွေကျတော့ အုပ်ချုပ်ရေးဌာန နဲ့ ပူးပေါင်းပြီး ထောက်ပံ့သွားမှာဖြစ်တယ်။ အခုလိုပေးတာက အသက် အကန့်အသက်နဲ့ ပေးတာပါ။ အသက် ၈၅ နှစ်အထက်ပေါ့။ ဒီလို အသက်ကြီးတဲ့ ဘိုးဘွားတွေကို ကျနော်တို့ နိုင်ငံ တစ်နိုင်ငံ လုံးမှာ ပေးတာပေါ့ ̋ ဟု ပြောသည်။
အဆိုပါ ဘိုးဘွား ၃၁၅ ဦးအထဲတွင် မောင်တောမြို့နယ် အသက် ၈၅ နှစ်အထက် ၁၅၁ ဦး နှင့် ဘူးသီးတောင် မြို့နယ်မှ ၁၆၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ပေးအပ်သော သုံးလပတ် လူမှုရေးပင်စင်များသည် ဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ နှုန်းဖြင့် ၄င်း ၃၁၅ ဦးအတွက် စုစုပေါင်းကျပ်ငွေ ၉၄၅ဝဝဝဝ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယခု ကိုဗစ်ကာလအတွင်း အရေးပေါ်ဆောင်ရွက်နိုင်ရန်အတွက် ဘိုးဘွား ၃၁၅ ဦးထဲမှ အသက် (၁ဝဝ) နှစ်အထက် ဘိုးဘွား (၇) ဦးအား တစ်ဦးလျှင် နောက်ထပ် ငွေကျပ် ၃ဝဝဝဝ နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခဲ့သဖြင့် စုစုပေါင်း ငွေကျပ် ၉၆၆ဝဝဝဝ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု ဦးကျော်သူနိုင်က ပြောသည်။
၄င်းလူမှုရေးပင်စင်များကို အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ စ၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ရခိုင်တစ်ပြည်နယ်လုံးမှာ အသက် ၈၅ နှစ်အထက် ၁၃၄၂၇ ဦးရှိ၍ မြန်မာ တစ်နိုင်ငံလုံးတွင် ၂၄၉၂၄၁ ဦးရှိကြောင်း သိရှိရသည်။
https://www.facebook.com/151742128171206/posts/3959329090745805/