By Narinjara / 20 /2021

ဇော်ဝင်းဌေး (ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂ဝ / ၂ဝ၂၁
တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရက ပူးပေါင်းအကောင်အထည်ဖော်မည့် မန္တလေး – ကျောက်ဖြူ ရထားလမ်းပိုင်းစီမံကိန်းသည် ပွင့်လင်းမြင်သာမှုမရှိဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်လွင်က ဝေဖန်ပြောကြားလိုက်သည်။
“ အဓိကတော့ လမ်းတစ်ခုဖောက်လုပ်တာက ကောင်းပါတယ်။ ဒါပေမယ့် တရုတ်နဲ့ လုပ်ကိုင်တဲ့လုပ်ငန်းတွေက ပွင့်လင့်မြင်သာမှု သိပ်ပြီးတော့ မရှိဘူး။ ကျွန်တော်ရဲ့အတွေ့အကြုံအရတော့ တရုတ်တို့ဘက်က ရှင်းရှင်းလင်းလင်း လုပ်ကိုင်တဲ့ အစဉ်အလာမရှိခဲ့ဘူး။ တရုတ်တာဝန်ရှိသူတွေက ကျောက်ဖြူကိုယ်စားလှယ်တွေကို တိုင်ပင်ဆွေးနွေးတာမျိုးတွေ မရှိဘူး။ ဖောက်လုပ်၊ မဖောက်လုပ်တာက လက်မှတ်ရေးထိုးထားတဲ့ အခြေအနေကိုပဲ စောင့်ကြည့်ရမယ်” ဟုပြောသည်။
ပြည်ထောင်စုတာဝန်ရှိသူများအနေဖြင့်လည်း အဆိုပါစီမံကိန်း လုပ်ငန်းစဉ်များ ဆောင်လက်ဆောင်ရွက်မည်ဆိုပါက မြို့မိမြို့ဖနှင့် ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံရမည်ဖြစ်ပြီး ဒေသခံများ၏အသံကိုလည်း နားထောင်သင့်သည်ဟု ဦးကျော်လွင်က ဆက်ပြောသည်။
မန္တလေး – ကျောက်ဖြူ ရထားလမ်းပိုင်းစီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြီးခဲ့သည့်ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့ နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် တရုတ်သံအမတ်ကြီး Mr. Chen Hai က နှစ်ဦးနှစ်ဖက် ရထားလမ်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မူနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မန္တလေး-ကျောက်ဖြူရထားလမ်းအပိုင်း အပါအဝင် တရုတ်-မြန်မာရထားလမ်း ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများကို အကျိုးကျေးဇူးများ ခံစားစေမည်ဟု ယုံကြည်ကြောင်း၊ တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည်လည်း ပူပေါင်းဆောင်ရွက်မှုအတွင်း ပိုမိုနက်ရှိုင်းလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး(Chinese Embassy in Myanmar)၏ facebook စာမျက်နှာတွင် ဇန်နဝါရီ ၁ဝ ရက်နေ့တွင် ဖော်ပြထားသည်။
သို့သော် ယခုလက်မှတ်ရေးထိုးထားသည့် မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်း စီမံကိန်းကိစ္စနှင့်ပတ်သက်၍ ယနေ့အချိန်ထိ ဂဃဏန မသိရှိရသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက နိရဥ္စရာသို့ပြောသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအရ တရုတ်နိုင်ငံ၏ ဘေဂျင်း၊ ကူမင်း၊ ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် မြန်မာနိုင်ငံဘက်မှ မူဆယ်၊ မန္တလေး၊ ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၄င်းမှတဆင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို ချိတ်ဆက်ဆောင်ရွက်သွွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းများ ပြီးစီးအောင်မြင်ခဲ့ပါက မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တရုတ်မြန်မာနယ်စပ်မှ မြန်မာနိုင်ငံအနောက်ခြမ်းအထိ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
https://www.facebook.com/151742128171206/posts/3976018405743540/