By Myanmar Now / January / 11/ 2021
ဖခင်မှာ ရွာထဲကျသည့် လက်နက်ကြီးကျည်ကြောင့် သေဆုံးပြီး မိခင်မှာ ဗုံးသီးဟောင်း ပေါက်ကွဲမှုကြောင့် သေဆုံးသွားကြောင်း မင်းပြားမြို့မှ လူငယ်တစ်ဦးက ပြောသည်

ဖဒူထွန်းအောင် Published on Jan 11, 2021

၂၀၁၇ နို၀င်ဘာလက တွေ့ရသော မင်းပြားမြို့ ကျေးလက်ဒေသတစ်ခု မြင်ကွင်း (ဓာတ်ပုံ – ဇာနည်၀င်း/Myanmar Now)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ယမန်နေ့ (ဇန်နဝါရီ ၁၀) နေ့လယ်ပိုင်းက ဗုံးသီးဟောင်းတစ်လုံးကို ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ လူ ၉ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။
ရွာနှင့် ၂ ဖာလုံခန့်အကွာရှိ တောင်တန်းတွင် ငှက်ပစ်သွားခဲ့သည့် ၁၆ နှစ်အရွယ်လူငယ်တစ်ဦးက မပေါက်ကွဲသေးသော ဗုံးသီးဟောင်းတစ်လုံးကို တွေ့ရှိ၍ ဘုန်းကြီးကျောင်းအနီး နေအိမ်တစ်အိမ်ခြံဝင်းထဲသို့ ယူဆောင်လာသည်။

ယင်းဗုံးသီးဟောင်းကို ရွာသူ၊ ရွာသားများ ဝိုင်းကြည့်နေကြစဉ် အမျိုးသားတစ်ဦးက သစ်သားဖြင့် ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ၄၁ နှစ်အရွယ် ဒေါ်လှသန်းဝေ သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသွားသည်ဟု သေဆုံးသူ၏သားဖြစ်သူက ပြောသည်။
“ကျွန်တော့်မေမေက သူငယ်ချင်းအိမ်ကို ကွမ်းယာစားဖို့သွားတယ်။ ကလေးတွေမှာ ဗုံးတစ်လုံး ရလာတယ်။ အဲဒီဗုံးကို လူကြီးတစ်ယောက်က သစ်သားတုံးနဲ့ ထုလိုက်လို့ ပေါက်ကွဲသွားတယ်။ အဲဒီမှာ အမေလည်း သေသွားတယ် ”ဟု မောင်လှကျော်ဝင်းက Myanmar Now ကို ပြောသည်။

ယင်းအချိန်တွင် မောင်လှကျော်ဝင်းသည် ရွာထဲတွင် သူငယ်ချင်းများနှင့် ရှိနေပြီး ကျယ်လောင်သည့် ပေါက်ကွဲသံများ ကြားလိုက်ရသည်ဟု ၎င်းက ဆိုသည်။
“ပေါက်ကွဲသံက ကျယ်တယ်။ မီးခိုးတွေ ထွက်လာတာ မြင်လိုက်ရတယ်။ ကျွန်တော်လည်း ပေါက်ကွဲသံကြားလို့ ကိုယ့်အိမ်ကိုကိုယ် ပြေးသွားတယ်။ ညီမလေးကို ရှာရတယ်။ ညီမလေးကို ရှာပြီးတော့ သိပ်မကြာခင်မှာ အမေကို သွားကြည့်တယ်။ စိတ်မကောင်းဘူး။ ငိုချင်တယ် ”ဟု မောင်လှကျော်ဝင်းက ပြောသည်။

လက်ရှိတွင် အလောင်းကို မင်းပြားဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူများကို မင်းပြားနှင့် မြောက်ဦးရှိ ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း ဒေသခံ ကိုကျော်သန်းက ပြောသည်။
“ဒဏ်ရာအပြင်းအထန်ရတာက ၅ ယောက်၊ ကျန်တဲ့သူတွေကတော့ ခြေထောက်တွေမှာ နည်းနည်းပါးပါး။ ဒဏ်ရာပြင်းထန်တဲ့သူတွေမှာတော့ ရင်ဘတ်တွေ၊ နဖူးတွေမှာ ကျည်စတွေ ဝင်သွားတယ်”ဟု ၎င်းက ဆိုသည်။

သေဆုံးသူ ဒေါ်လှသန်းဝေတွင် အသက် ၂၃ နှစ်အရွယ် မောင်လှကျော်ဝင်းနှင့် အသက် ၁၈ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦး ကျန်ရစ်ခဲ့သည်။ သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာလည်း ၂၀၁၉ ခုနှစ်၊ ဇွန် ၄ ရက်နေ့က ရွာထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင်လည်း စုစုပေါင်း ၆ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် မိဘနှစ်ပါးစလုံး စစ်၏ဆိုးကျိုးကြောင့် သေဆုံးသွားပြီဖြစ်သောကြောင့် ညီမဖြစ်သူနှင့်အတူ အနာဂတ်ကို မည်သို့ ရှေ့ ဆက်ရမည်ကိုမသိတော့ဘဲ “ဘဝပျက်သွားသလို ခံစားရတယ်”ဟု မောင်လှကျော်ဝင်း က ပြောသည်။
“တိုက်ပွဲတွေ မဖြစ်စေချင်ဘူး။ ဒီလိုအဖြစ်ဆိုးတွေနဲ့ မကြုံတွေ့ရအောင် တိုက်ပွဲကို ရပ်တန့်ပေးပါ” ဟု ၎င်းက လက်နက်ကိုင်တပ်ဖွဲ့များကို တောင်းဆိုသည်။
အဆိုပါ ကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လက တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် စစ်ကျန်လက်ကြီးကျည်များ၊ ဗုံးသီးဟောင်းများနှင့် မြေမြှုပ်မိုင်းများအန္တရာယ် ဆက်ရှိနေမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
စပါးထားကျေးရွာ ရွာသူ၊ ရွာသားများမှာ တောင်ယာလုပ်ကိုင်စားသောက်ရသူများဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် လုပ်ငန်းခွင်သို့ သွားရန် စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဒေသခံများက ဆိုသည်။
အလားတူ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တောင်ပိုင်း မိုးစဲကျွန်းဒေသရှိ ကပ်ချောင်းကျေးရွာတွင် ဩဂုတ် ၁ ရက်က ရွာသားတစ်ဦး ရွာပြင်ပမှ တွေ့ရှိယူဆောင်လာသော လက်နက်ကြီးကျည်တစ်လုံးကို လူငယ်များ ထုခွဲကြည့်ရာမှ ပေါက်ကွဲပြီး လူငယ် ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည်။
လက်ရှိတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ဒေသခံများသည် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များနှင့် မြေမြှုပ်မိုင်းအန္တရာယ်များကို ရင်ဆိုင်နေရသည်။