By Khit Thit/ 2021 January 11

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/စ ရိုင်းချောင်းမင်းရွာမှ ကျေးရွာသား ၃ ဦးသည် ရာမောင်တောင်တန်းတွင် ထင်းခွေသွားရာမှ ၉ လကျော်ပျောက်ဆုံးခဲ့ပြီး အရိုးစုကိုသာ ပြန်လည် တွေ့ရှိခဲ့ရကာ တပ်မတော်က သတ်ဖြတ်မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ကျန်ရစ်သူ မိသားစုဝင်များက တိုင်တန်း လာကြောင်း ရခိုင့်လူ့အခွင့်အရေးမြှင့်တင်ကာကွယ်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် င/စရိုင်းချောင်းမင်းရွာ ကျေးရွာမှ ဦးစောလှထွန်း၊ ဦးသန်းကျော်နှင့် ဦးသန်းထွန်းအောင် တို့သည် ၂၀၂၀ ခုနှစ် မတ်လ ၂၂ ရက်နေ့က ထင်းခွေရန်အတွက် ရာမောင်တောင်တန်းအနီးသို့ သွားရောက်ခဲ့ကြကြောင်း၊ ရာမောင်တောင်တန်းအနီးတွင် မြန်မာ့တပ်မတော်က အဆိုပါ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး ဘုံသာချောင်းကျေးရွာအနီး သတ်ဖြတ်မြှုပ်နှံခဲ့ကြောင်း ၊ ၉ လကျော်အကြာ ၂၀၂၀ ခုနှစ် ၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အဆိုပါ ၃ဦး မြှုပ်နှံထားသည့်နေရာကို ရှာဖွေတွေ့ရပြီး အရိုးစုများ ပြန်လည် ရရှိခဲ့ကြောင်း၊ ယင်းအရိုးစုများကို ၎င်းတို့နေထိုင်ရာ ရွာအနီးတွင် အုတ်ဂူပြုလုပ်၍ ပြန်လည်မြှုပ်နှံထားကြောင်း သိရှိရသည်။ “သူတို့ ၃ ဦး သူတို့ရွာရဲ့အရှေ့မှာ တောင်တန်းရှိတယ်။ အဲဒီတောင်တန်းမှာ ထင်းခွေဖို့သွားတယ်လို့ ပြောတယ်။ ထင်းခွေဖို့အတွက်သွားတဲ့အခါကျတော့ တပ်မတော်နဲ့တွေ့တော့ သူတို့ကို ဖမ်းဆီးသွားတယ်။ အဲဒီလူ ၃ ဦးကို သတ် ဖြတ်ပြီးတော့ တစ်နေရာရာမှာ မြှုပ်နှံထားခဲ့တယ်။ အဲဒီ မြှုပ်ထားခဲ့တဲ့နေရာကို တွေ့တဲ့သူတွေက မိသားစုကို လာပြောတယ်။လာပြောတော့ သွားပြီးတော့ တူးဖော်တဲ့အခါကျတော့ အဲဒီအရိုးတွေ ပြန်ရတာပေါ့။ အဲဒီအရိုးတွေကို ဂူတွေ လုပ်ပြီးတော့ မြှုပ်နှံထားတာပေါ့။ တပ်မတော်ဘက်က ရခိုင်တပ်တော်နဲ့ပတ်သက်လို့ သံသယနဲ့ ဖမ်းတာပေါ့။ သူတို့အမျိုးသမီးတွေက လာရောက်ပြီး တိုင်တန်းပါတယ်” ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော ၃ ဦးတွင် ဦးစောလှထွန်းသည် အသက် ၄၈ နှစ်၊ ဦးသန်းထွန်း အောင်သည် အသက် ၅၂ နှစ်နှင့် ဦးသန််းကျော်သည် အသက် ၄၈ နှစ်ရှိကြောင်း သိရှိရသည်။ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ ၃ ဦးနှင့်ပတ် သက်၍ တပ်မတော်က ဖမ်းဆီးခဲ့ခြင်းရှိ၊ မရှိ ၊ အမှန်တကယ် သတ်ဖြတ်ခဲ့ခြင်းရှိ၊ မရှိ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းခေါ်ဆိုခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။
https://www.facebook.com/385165108587508/posts/1105179343252744/