By Narinjara/ January / 12 / 2021
ဇွဲဓန (ကိန်းသာမြေ)နိရဥ္စရာ၊ ဇန်နဝါရီ ၁၂ / ၂ဝ၂၁
မင်းပြားမြို့နယ် စပါးထားရွာတွင် ဇန်နဝါရီ ၁၀ ရက်နေ့က လက်နက်ကြီးကျည်ပေါက်ကွဲ၍ အမျိုးသမီး တစ်ဦးသေဆုံးသွားခဲ့ခြင်းမှ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ပေါက်ကွဲတုန်းက လည်း၇ွာသား ၆ ဦး သေပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု ၄င်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုး ဇော်အောင်က နိရဉ္စရာသို့ ပြောသည်။
“ အခု လက်နက်ကြီးကျည်ပေါက်ကွဲပြီး ဒေါ်မသန်းနွယ် သေဆုံးသွားပြီး ၈ ဦးဒဏ်ရာရတာက ဒုတိယအကြိမ်ပါ။ ပထမတစ်ကြိမ် ၂ဝ၁၉ တုန်းကလည်း ရွာသားတွေ ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေစဉ် လက်နက်ကြီးကျည်ကျပြီး ရွာသား ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။
၂ဝ၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့လယ်က ၎င်း စပါးထားကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်း ရွာသားများ ခိုလှုံနေစဉ် မြောက်ဦးဘက်မှ လာသောလက်နက်ကြီးကျည်များ ဘုန်းတော်ကြီး ကျောင်းထဲ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံရွာသား ၆ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“ အရင်ကလည်း လက်နက်ကြီးကျည်ကျပြီး အပြစ်မရှိတဲ့ ရွာသားတွေ သေရတယ်။ အခုတစ်ကြိမ်လည်း သေဆုံးတယ်၊ တစ်ဦး၊ ဒဏ်ရာသူတွေလည်း အများအပြားဆိုတော့ ရွာကလူတွေက အထူးစိတ်မကောင်း ဖြစ်ကြရပါတယ်။ ဒီစစ်ကျန်လက်နက်ခဲယမ်းမီးကျောက်တွေ၊ မိုင်းတွေကို ထောင်လို့ရှိရင်လည်း အမြန်ဆုံး ဖယ်ရှား ပေးစေလိုပါတယ်။ ကျွန်တော်တို့ ရွာသားတွေ ဒုက္ခထပ်မကြုံစေချင်လို့ပါ” ဟု ဆက်လက် ပြောကြားသည်။စပါးထားရွာသည် အိမ်ခြေ ၁၈ဝ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး ယခုကဲ့သို့ နှစ်ကြိမ်တိုင်တိုင် လက်နက်ကြီးကျည်ပေါက်ကွဲ၍ လူသေဆုံးမှုများရှိနေသဖြင့် စိုးရိမ်ထိတ်လန့်မှုများရှိနေကြသည်ဟု ဆိုသည်။
ဇန်နဝါရီ ၁ဝ ရက်နေ့က စစ်ကျန်လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၈ ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ထားရပြီး ၎င်းတို့အနက် ၅ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် မြောက်ဦးဆေးရုံတွင် ကုသနေရသည်ဟု သိရသည်။မြောက်ဦးဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေရသူ ၅ ဦးမှာ ဒေါ်နုနုသန်း (၄၂) နှစ်၊ ကိုသန်းရွှေမောင် (၂၆)နှစ်၊ မောင်မြင့်စိုး (၇)နှစ်၊ မောင်တောင်ကျော် (၁၆)နှစ်နှင့် ကိုကျော်ကျော်(၂၅)နှစ်တို့ဖြစ်သည်။ ၎င်းတို့ ၅ ဦးအား မြောင်းဘွေဆေးရုံမှတဆင့် မြောက်ဦးဆေးရုံသို့ ဇန်နဝါရီ ၁ဝ ရက်နေ့ ညနေပိုင်းက ပို့ဆောင်ခဲ့ရခြင်းဖြစ်သည်။၎င်းတို့အနက် ဒေါ်နုနုသန်း၊ ကိုသန်းရွှေမောင်နှင့် မောင်မြင့်စိုးတို့တွင် ခြေထောက်များအား ခွဲစိတ်ထားရပြီး မောင်တောင်ကျော်အား ဗိုက်ကိုခွဲစိတ်ထားရကာ ကိုကျော်ကျော်အား ဦးခေါင်းစွဲစိတ်မှုပြုလုပ်ထားရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးမျိုးဇော်အောင်က ပြောသည်။
̏ အခုက သက်သာနေတယ်။ မနေ့ညက ခွဲစိတ်မှု လုပ်တယ်။ လူနာ ၅ ဦး ခွဲစိတ်ရတယ်။ အဲဒီ ခွဲစိတ်ထားတဲ့ လူနာတွေက အခု မြောက်ဦး ဆေးရုံမှာ ကုသနေတယ် ̋ ဟုပြောသည်။ဒဏ်ရာရရှိသူများအနက် မစောသန်းနု(၁၆)နှစ်၊ မမသန်းဌေး (၂၂)နှစ် နှင့် မအေးအေးမိုး (၃)နှစ်တို့မှာ မြောင်းဘွေဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။စပါးထားကျေးရွာတွင် ဇန်နဝါရီ ၁ဝ ရက်နေ့ နေ့လယ် ၁ နာရီ ၃၅ မိနစ်ခန့်က ရွာအနီးတောင်ပေါ်မှ ကောက်ယူရရှိလာသည့် ဗုံးသီးတစ်လုံးကို ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ ဗုံးသီးတော့ မဟုတ်ဘူး။ လက်နက်ကြီးကျည်က တောထဲက ကောက်ယူလာရာကနေ ထုကြည့်ရာကနေ ပေါက်တာလို့ သိရပါတယ်။ အသံက အရမ်းကျယ်တယ်။ လက်နက်ကြီးကျသလို ကြားရတယ်။ ဖြစ်တဲ့အိမ်က ရွာမြောက်ပိုင်းမှာ။ ကျနော်အိမ်နဲ့ သိပ်မဝေးဘူး”ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။သေဆုံးသွားသူ အသက် ၄ဝ ကျော် အရွယ် ဒေါ်လှသန်းနွယ်အား ယမန်နေ့ နေ့လယ်ပိုင်းတွင် မင်းပြား သင်္ချိုင်းတွင် သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်မှာ ၂ နှစ်တာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများ ပေါက်ကွဲ၍ လူပေါင်း ၃ဝကျော် သေဆုံးကာ ရဝ ခန့် ဒဏ်ရာရရှိထားကြောင်း REC ၏ ထုတ်ပြန်ချက် စာရင်းအရ သိရသည်။
https://www.facebook.com/151742128171206/posts/3952553938089987/