ဘုရားဖူးတွေကိုမျှော်နေတဲ့ ကျောက်တော်တောင်ပေါ်က မျောက်တွေ

By Developement Media Group / January 20 / 2021

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က သေလာဂီရိမောရပ္ပတ္တတောင်ပေါ်မှာနေထိုင်ကျက်စားတဲ့ မျောက်တွေဟာ အစားအစာရရှိရေးအတွက် ဘုရားဖူးခရီးသည်တွေလာရောက်မှာကို စောင့်မျှော်နေကြပါတယ်။

ကျောက်တော်တောင်ပေါ်ကဘုရားကို ဘုရားဖူးခရီးသွားတွေလာရောက်ဖူးမျှော်တာတွေရှိစဉ်က မျောက်တွေဟာ အစားအစာဝဝလင်လင်စားခဲ့ရပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တောင်ပေါ်ကို ဘုရားဖူးခရီးသွားတွေလာရောက်မှုမရှိတဲ့အခါမှာတော့ မျောက်တွေလည်း အစာရေစာ ငတ်ပြတ်ခဲ့ကြရပါတယ်။မျောက်တွေဟာ အစားအစာရရှိရေးအတွက် တောင်အောက်ကိုဆင်းပြီး ဂစ္ဆပနဒီတံတားပေါ်မှာ လမ်းသွား လမ်းလာတွေဆီကနေ အစားအသောက်တွေတောင်းခဲ့ကြတယ်လို့ ဘုရားဂေါပကအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ခရီးသွားလာမှုတွေကိုပိတ်ပင်ထားတဲ့အခါမှာလည်း မျောက်တွေဟာ အစားအသောက်ရရှိရေးအတွက် ခက်ခဲခဲ့ပြီးတော့ လမ်းပေါ်မှာအစားအစာတောင်းရင်း ကားတိုက်ခံရလို့ သေဆုံးသွားတဲ့ မျောက်တွေလည်းရှိတယ်လို့ ဂေါပကအဖွဲ့က ဆိုပါတယ်။လက်ရှိမှာ တိုက်ပွဲဖြစ်ပွားမှုတွေမရှိတဲ့အတွက် ကျောက်တော်တောင်ပေါ်ကို ဘုရားဖူးခရီးသည် အနည်းငယ် လာရောက်တဲ့အခါ မျောက်တွေဟာ အစားအစာအနည်းငယ် ရရှိနေကြပါတယ်။သေလာဂီရိမောရပ္ပတ္တတောင်ပေါ်မှာ မျောက်အကောင်ရေတစ်ထောင်ခန့် နေထိုင်ကျက်စားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

https://www.facebook.com/466648543487562/posts/1925769067575495/

Leave a Reply

Your email address will not be published.