ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ သဘောဆန္ဒရယူရန် တောင်းဆို

By Development Media Group / 2021 January 19

သက်ပိုင်

ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ဒေသတွင်းဖွံဖြိုးရေးစီမံကိန်းများကို ရခိုင်ပြည်သူများ၏ ဆန္ဒ၊ သဘောတူညီချက်များနှင့် အပြန်အလှန်ဆွေးနွေးခွင့်ပြုခြင်းဖြင့်သာ အကောင် အထည်ဖော်ဆောင်ရွက်ရန် ရခိုင်ပြည်၏စည်းလုံးညီညွတ်သော မတူကွဲပြားသည့်အသိုင်းအဝန်းများ ဆွေးနွေးပွဲမှ တောင်းဆိုလိုက်သည်။ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်နှင့် မွတ်ဆလင်လူမှုအသိုက်အဝန်းမှ ပုဂ္ဂိုလ်များသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှစတင်ကာ အစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။“ရခိုင်ပြည်သည် သဘာဝရင်းမြစ် သယံဇာတများဖြင့် ချမ်းသာကြွယ်ဝသောကြောင့် အိမ်နီးချင်းနိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုများ၊ စီမံကိန်းများဖြင့် ဒေသတွင်းဖွံဖြိုးမည့် အလားအလာကောင်းများ တည်ရှိသည်နှင့်အညီ ဘိုးစဉ် ဘောင်ဆက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြသော ထိုသယံဇာတရင်းမြစ်များ၏ မူလပိုင်ရှင်များ ဖြစ်ကြပေရာ ဒေသခံပြည်သူလူထုတစ်ရပ်လုံး အကျိုးဖြစ်ထွန်းနိုင်မည့် စီမံကိန်းများအားလုံးကို ကျွန်ုပ်တို့ ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ခွင့်ရှိရမည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။ထို့အပြင် အေးအတူပူအမျှ အတူတကွပူးပေါင်းနေထိုင်ရေးမူကို ဦးထိပ်ထားလျှက် သာယာဝပြောသော လူ့ဘောင်သစ်တစ်ခုကို ပူးပေါင်းတည်ဆောက်ရန် သဘောတူခြင်း၊ တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့် အရေး စံချိန်စံညွှန်းများနှင့်အညီ ဒီမိုကရေစီ၏ အနှစ်သာရများကို အကောင်အထည်ဖော်ခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းနှင့် အသိုက်အဝိုင်းတစ်ခုနှင့်တစ်ခုအကြား မတူကွဲပြားသော ထုံးထမ်းစဉ်လာ၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် အထွဋ်အမြတ်ထားသော သင်္ကေတများကို အားလုံးရိုသေလေးစား တန်ဖိုးထားကြရန် အခိုင်အမာဆုံးဖြတ်ခဲ့ကြကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ဥပဒေ၏ မခိုင်မာမှုများကြောင့် စီမံကိန်းများလုပ်ဆောင်ရာတွင် ဒေသခံဌာနေတိုင်းရင်းသားများမှာ ကောင်းကျိုးထက် ဆိုးကျိုးကိုပိုမိုကြုံတွေ့နေရသည်ကိုတွေ့ရကြောင်း ဌာနေတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်သည့် Point-ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ အစီအစဉ်မန်နေဂျာ ဦးမျိုးကိုကိုကပြောသည်။“အိမ်နီးချင်းနိုင်ငံနဲ့ အဆင်ပြေဖို့လိုသလို ဒေသခံတွေ မထိခိုက်ဖို့အတွက်ကို အစိုးရမှာ တာဝန်အပြည့်ရှိတယ်။ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေပေါ် လေအောက် သယံဇာတတွေကို အစိုးရကပိုင်ပါတယ်ဆိုတဲ့ အတွေးမျိုးကိုလည်း အစိုးရအဖွဲ့တွေအနေနဲ့ ပြင်သင့်ပါတယ်” ဟု သူကဆိုသည်။စီမံကိန်းတစ်ခုခု လုပ်ဆောင်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပေပုဒ်မ (၂၅၁)အရ ပြည်နယ်လွှတ်တော်တွင် လာရောက်ချပြရမည်ဖြစ်သော်လည်း မိမိတာဝန်ယူခဲ့သည့် လွှတ်တော်သက်တမ်းတစ်လျှောက်လုံးတွင် တစ်ကြိမ်သာကြုံတွေ့ခဲ့ရကြောင်း ကျောက်ဖြူမြို့နယ်၊ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။“ကျွန်တော်တို့ လွှတ်တော်သက်တမ်းတစ်လျှောက်လုံးမှာ V Power ဆိုတဲ့ တရုတ်ကုမ္ပဏီတစ်ခုကပဲ ကျောက်ဖြူမှာ မီဂါဝပ် ၁၅၀ ဓာတ်အားခွဲစက်ရုံတည်ဆောက်ပြီး အစိုးရကို ထုတ်လုပ်ရောင်းချမယ်လို့ လာရှင်းပြ ခဲ့တာ တစ်ခုပဲရှိခဲ့တယ်။ ကျန်တဲ့ဘယ်တရုတ်ကုမ္ပဏီမှ ဘယ်စီမံကိန်းကို လာရှင်းပြခဲ့တာမရှိဘူး။ ဒါတွေဟာ ပြည်ထောင်စုအစိုးရမှာ တာဝန်ရှိတယ်။ ဘာပဲပြောပြော ပြည်ထောင်စုအစိုးရက ဒီလိုစီမံကိန်းတွေကို ပြည်နယ်မှာ လာရောက်ချပြရမှာဖြစ်တယ်” ဟု သူကရှင်းပြသည်။လက်ရှိရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသော စီမံကိန်းများတွင် ဒေသခံများ၏ သဘောထားကောက်ယူခဲ့ခြင်း နည်းပါးခြင်း၊ စီမံကိန်းစာချုပ်များကို ပွင့်လင်းမြင်သာစွာ ချပြမှုအားနည်းခြင်းများ ရှိနေကြောင်း ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်မှုများရှိနေကြသည်။သယံဇာတများ ရှာဖွေထုတ်လုပ် သန့်စင်ရောင်းချမှုနှင့် သက်ဆိုင်သည့် လိုင်စင်ခွင့်ပြုမှု၊ စာချုပ်ချုပ်ဆိုမှု၊ စာချုပ် ပြန်လည်ပြင်ဆင်ချုပ်ဆိုမှုများကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

https://www.facebook.com/466648543487562/posts/1924286451057090/

Leave a Reply

Your email address will not be published.