ဖမ်းထားတဲ့ NLD ကိုယ်စားလှယ်တွေကို အေအေက တပ်မတော်ကိုပြန်လွှဲပေးခဲ့

၁ ဇန်နဝါရီ ၂၀၂၁

လွှတ်တော်အမတ်သုံးဦးဟာ အေအေလက်ထဲမှာ နှစ်လခွဲခန့် ဖမ်းဆီးခံခဲ့ရတာဖြစ်
ဓာတ်ပုံ ပုံစာ, လွှတ်တော်အမတ်သုံးဦးဟာ အေအေလက်ထဲမှာ နှစ်လခွဲခန့် ဖမ်းဆီးခံခဲ့ရတာဖြစ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးတို့ကို ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးထားရာကနေ ဇန်နဝါရီ ၁ ရက် ဒီကနေ့နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ မြေပုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

သူတို့ သုံးဦးကို မွန်းလွဲပိုင်း ၂ နာရီလောက်မှာ မြေပုံမြို့နယ် မိကျောင်းတက် ကျေးရွာမှာ အေအေဘက်ကနေ တပ်မတော်ရဲ့လက်ထဲကို ပြန်လည်လွှဲပြောင်း ပေးခဲ့တာဖြစ်တယ်လို့ ဦးဖေသန်းက ပြောပါတယ်။

အေအေအနေနဲ့ အဲ့ဒီသုံးဦးကိုပြန်လွှတ်ပေးတာဟာ အရင်က ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေနဲ့ နိုင်ငံဝန်ထမ်းတွေကို လွှတ်ပေးသလိုမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ အပ်နှံခဲ့တာမျိုးမဟုတ်ဘဲ တပ်မတော်အကြီးအကဲတွေရဲ့လက်ထဲကို တရားဝင်လွှဲပြောင်းအပ်နှံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြေပုံမြို့နယ်ထဲက မိကျောင်းတက် ကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်း ၂ နာရီ ၂၀ မိနစ် ဝန်းကျင်လောက်မှာ ဖမ်းထားတဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးလုံးကို အေအေဘက်က လာရောက် ပို့ဆောင်ခဲ့တယ်လို့ အဲဒီ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

တပ်မတော်လက်ထဲ ပြန်လွှဲပေး

အေအေဘက်က ဗိုလ်မှူးအောင်လင်း ဦးဆောင်တဲ့ အင်အား ၅၀ ပါ အဖွဲ့က လာရောက် ပို့ဆောင်ခဲ့တာ ဖြစ်ပြီး မင်းပြား တိုင်းဗဟို တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်းအမှတ်(၉)ကျောင်းအုပ်ကြီးက လွှဲပြောင်းလက်ခံယူခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ဘက်က တိုင်းဗဟို ၉ ကျောင်းအုပ်ကြီးကိုယ်တိုင် ကားသုံးစီးနဲ့လာပြီးတော့ လက်ခံခဲ့ပြီး တိုင်းဗဟို (၉)ကို ခေါ်ဆောင်သွားတယ်လို့ မိကျောင်းတက်ရွာသားတွေက ပြောပြပါတယ်။

ပြန်လွတ်လာသူ ၃ ဦးကို မင်းပြား တိုင်းဗဟို (၉) က တဆင့် ပြည်နယ် မြို့တော် စစ်တွေကို ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်း

အခုလို လွှဲပြောင်းအပ်နှံခြင်းဟာ နှစ်ဖက်ဆွေးနွေးမှုတွေရဲ့ရလဒ်ဖြစ်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အလားအလာကောင်းတဲ့ ပထမခြေလှမ်း တစ်ခုဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပါတယ်။

“ဒါဟာ ကောင်းသောရလဒ်လို့ ကျွန်တော်တို့ယူဆပါတယ်။ စစ်ရေးအခြေအနေကနေ နိုင်ငံရေးအခြေအနေကို အကျဉ်းအကျပ်ကြားထဲက ကူးပြောင်း နိုင်တာကလည်း ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွက်၊ ပြည်ထောင်စုအတွက်၊ အစိုးရရယ် တပ်မတော်ရယ် အေအေရယ်ပူးပေါင်းပြီးတော့ လုပ်နိုင်လိမ့်မယ်။ ရခိုင်ပြည်နယ်အတွက်ရော ပြည်ထောင်စုအတွက်ရော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ မှတ်ယူပါတယ်။”

ဒါဟာ လက်ရှိဆွေးနွေးနေကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကနေ ရရှိလာခဲ့တဲ့ရလဒ်တွေဖြစ်ပြီး နှစ်ဖက်နားလည်မှုတွေရယူ ပြီးတော့ ချိတ်ဆက်ဆောင်ရွက် ခဲ့ကြတာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းတွေက ပြောဆိုကြပါတယ်။

နှစ်လ ကျော်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်း သုံးဦး လွတ်မြောက်ရေး အတွက် သူတို့ရဲ့ မိခင် ပါတီ NLD က တောင်းဆိုထားခဲ့သလို အခု လွတ်မြောက်မှုက တပ်မတော်ရဲ့ အဆင့်မြင့်အရာရှိကြီးတွေနဲ့ ရက္ခိုင့်တပ်တော် အေအေအဖွဲ့က တာဝန်ရှိသူတွေ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တွေ့ဆုံခဲ့ကြပြီး နောက်ပိုင်းမှာ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ကျိုင်းတုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ အေအေအဖွဲ့
ဓာတ်ပုံ ပုံစာ, ၂၀၁၉ ကျိုင်းတုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ အေအေအဖွဲ့

ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ ကြိုမသိခဲ့လို့ ဆို

ဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လည်လွှတ်ပေးတာဟာ လက်ရှိတွေ့ဆုံဆွေးနွေးနေကြတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအပေါ်မှာ အထောက်အကူပြုနိုင်တယ်လို့ မျှော်လင့်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာ ယာရေးဝန်ကြီး ဦးဝင်းမြင့်က သုံးသပ်ပြောဆိုပါတယ်။

ပြန်လွတ်လာတဲ့အမတ်သုံးဦးလုံးကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ်ရောဂါပိုးကင်းရှင်းတယ်လို့ တပ်ထုတ်ပြန်ချက်က ဆိုပါတယ်။
ဓာတ်ပုံ ပုံစာ, ပြန်လွတ်လာတဲ့အမတ်သုံးဦးလုံးကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ်ရောဂါပိုးကင်းရှင်းတယ်လို့ တပ်ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်နီနီမေမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သုံးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့မှာ မဲဆွယ်စည်းရုံးရေးကိစ္စနဲ့ ဖောင်းခါးကျေးရွာကိုရောက်ရှိနေစဉ်မှာ အေအေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လည်လွှတ်ပေးမယ့်ကိစ္စကို လူမှုကွန်ရက်သတင်းတွေအရ ကြားသိနေရပေမယ့် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့တော့ တစ်စုံတစ်ရာ ကြိုတင် သိရှိရတာ မရှိခဲ့ဘူးလို့ စည်ပင်သာ ယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ဖမ်းဆီးခံနေရပြီး ၇၈ ရက်အကြာမှာ အေအေဘက်ကနေပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေတို့အကြားမှာလည်း နှစ်ဘက်အပစ်ခတ်ရပ်စဲထားပြီး ဆွေးနွေးမှုတွေဆောင်ရွက်နေကြ ပါတယ်။

ဒီနေ့မနက်ပိုင်းအထိတော့ ဖမ်းဆီးခံနေရသူတွေ ပြန်လည်လွတ်မြောက်လာမယ်ဆိုတဲ့သတင်းတွေကို ကြားသိနေရပေမယ့် မိသားစုတွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့ ဦးမင်းအောင်ရဲ့ဇနီး ဒေါ်မြဝတ်ရည်က အစောပိုင်းက ဘီဘီစီကို ပြောပါတယ်။

အခုလို ပြန်လွတ်မြောက်လာတယ်ဆိုတဲ့သတင်းတွေကို ကြားသိရတဲ့အတွက် မိသားစုတွေအနေနဲ့တော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။

“သူတို့ပြန်လွတ်လာဖို့ကိုတော့ နေ့တိုင်းမျှော်လင့်နေတာပေါ့နော။ ပြန်လွတ်လာတယ်ဆိုတာ့ အတိုင်းမသိဝမ်းသာတာပေါ့။ ဖမ်းတာပဲလေ ပြန်လွှတ်ပေးရမှာပေါ့။ သူတို့မှာအပြစ်ရှိလို့ ဖမ်းထားတာလည်းမဟုတ်ဘူး။ ဘာလို့ဖမ်းဆီးထားတယ်ဆိုတာ ကိုလည်းကျွန်မတို့မသိရဘူး။ ဘယ်သူ့ကိုမှလဲ ဖမ်းဆီးမခံရစေချင်ဘူး။ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်။”လို့ ဒေါ်မြဝတ်ရည်က ပြောပါတယ်။

တိုက်ရိုက်ဆွေးနွေးမှုတွေ ရှိလာခဲ့

အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်အစိုးရက ကြေညာထားခဲ့ပြီး တပ်မတော်နဲ့ အေအေအကြား တိုက်ပွဲတွေ ၂၀၂၀ တစ်နှစ်လုံးလိုလို ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ပြီး နိုဝင်ဘာလအတွင်းမှာတော့ တပ်မတော်နဲ့ အေအေဘက်က ကိုယ်စားလှယ်တွေ အွန်လိုင်းက တဆင့်ဆွေးနွေးမှုတွေ လုပ်ခဲတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒီလို ဆွေးနွေးဖြစ်ဖို့ ဂျပန်အစိုးရနဲ့ ဂျပန်က ငြိမ်းချမ်းရေးကိုယ်စားလှယ် မစ္စတာ ယိုဟေး ဆာဆာကာဝါတို့က စေ့စပ်ညှိနှိုင်းပေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတချို့က ပြောပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဝပြည်စည်းလုံးညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ နှစ်ဘက် ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြပါတယ်။ နောက်တစ်ခါ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တပ်မတော်ရဲ့ အဆင့်မြင့်အရာရှိကြီးတွေနဲ့ ရက္ခိုင့်တပ်တော် အေအေအဖွဲ့က တာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံခဲ့ကြ ပြီးတဲ့နောက်မှာ အခုလို ဖမ်းထားတဲ့သူတွေ ပြန်လွှတ်ပေးတဲ့ ကိစ္စဖြစ်ပေါ်လာခဲ့တာပါ။

NLD ပါတီဝင်သုံးဦးအပြင် နှစ်ဖက်အဖွဲ့အစည်းတွေမှာ ဖမ်းဆီးထားသူတွေကိုလည်း ပြန်လည်လွှတ်ပေးနိုင်လို့ရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပေါ်မျာ အကျိုးရှိလာနိုင်တယ်လို့ သုံးသပ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဝန်ကြီးဦးဝင်းမြင့်နဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

https://www.facebook.com/166580710064489/posts/3726943267361531/

Leave a Reply

Your email address will not be published.