By Western News/ 2021 January 7
-ခိုင်ဇော်ထွန်း

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အပါအဝင် နိုင်ငံရေးနှင့်ယှက်နွယ်ပြီး ဖမ်းဆီးခံထားရသည့်ကျောင်းသားများ၊ အပြစ်မဲ့ပြည်သူများကို ပြန်လွှတ်ပေးရန် အမ်းမြို့နယ်မှ ကျေးရွာတချို့တွင် ဇန်နဝါရီလ ၆ ရက်နေ့တွင် စတေကာကမ်ပိန်းပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါကမ်ပိန်းကို အမ်းမြို့နယ်မှ ကျေးရွာပေါင်း ၃၀ ကျော်နှင့် အမ်းမြို့ပေါ်ရပ်ကွက်တချို့တွင် ဇန်နဝါရီလ ၆ ရက် ည ၉ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကမ်ပိန်းတွင် ဦးဆောင်ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုမျိုးလွင်ကပြောသည်။“အဓိကတော့ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ နိုင်ငံရေးနဲ့ယှက်နွယ်ပြီး မတရားဖမ်းခံထားရတဲ့ ရခိုင်ပြည်အနှံ့က တက်ကြွလှုပ်ရှားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ လူအခွင့်အရေးနဲ့ ငြိမ်းချမ်းရေးတို့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအနှံ့က ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ကမ်ပိန်းလုပ်တဲ့ကျေးရွာပေါင်းကတော့ ၃၀ ကျော်တယ်”ဟုပြောသည်။ဆက်လက်ပြီး အစိုးရနှင့် တပ်မတော်ဖက်မှ အပြုသဘောဆောင်သည့် တစ်စုံတစ်ရာတုံ့ပြန်ချက်များမရရှိခဲ့ပါက ကမ်ပိန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမည်ဟုလည်း ကိုမျိုးလွင်ကပြောသည်။ကမ်ပိန်းလုပ်ဆောင်မှုတွင်ပါဝင်ခဲ့သည့် အမည်မဖော်လိုသူတစ်ဦးကလည်း AA မှဖမ်းဆီးခဲ့သည် NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို လွှတ်ပေးသလို မတရားဖမ်းဆီးထိန်းသိမ်းခဲ့နေရသည့် ရခိုင့်နိုင်ငံရေးသမားများ၊ အပြစ်မဲ့ပြည်သူများနှင့် လူ့အခွင့်အရေးနှင့်ငြိမ်းချမ်းရေး အတွက်လုပ်ဆောင်ပြီးဖမ်းဆီးခံနေရသည့် ကျောင်းသားများကို အစိုးရမှ လွှတ်ပေးရန် ကမ်ပိန်းကိုပြုလုပ်တောင်းဆိုရခြင်းဖြစ်ကြောင်းပြောသည်။”AA က NLD ပါတီဝင်သုံဦးကို လွှတ်ပေးသလိုမျိုး ဖမ်းဆီးခံနေရတဲ့ ရခိုင့်နိုင်ငံရေးသမားတွေကို အစိုးရက ပြန်လွှတ်ပေးစေချင်တယ်။ အပြစ်မဲ့ပြည်သူတွေ ၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရးတို့ အတွက်တက်ကြွလှုပ်ရှားပြီး ဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေ အပါအဝင်ပေါ့ ။ အခုဆိုရင် လွတ်လပ်းရးနေ့ကိုလည်း လွန်သွားပြီး အစိုးရကမလွှတ်ပေးသေးဘူး။ အဲ့ဒါကြောင့် ကမ်ပိန်းကို ပြုလုပ်ရတာဖြစ်တယ်”ဟုပြောသည်။မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း မိမိယုံကြည်ချက်ကိုလုပ်ဆောင်ပြီးဖမ်းဆီးခံထားရသူများမှာ ရာဇဝတ်မှုကျူးလွန်သူများမဟုတ်ပဲ နိုင်ငံတကာမှ နိုင်ငံရေးအကျဉ်းသားအဖြစ်သာသတ်မှတ်ထားသလို ကမ်ပိန်းလုပ်ဆောင်ခြင်းမှာလည်း ကောင်းမွန်သည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုသည်။“ကောင်းမွန်တဲ့လုပ်ရပ်လို့ပဲမြင်တယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာက ကိုယ့်အကျိုးအတွက်ဖြစ်လာတာမှ မဟုတ်တာ။ မိမိယုံကြည်ချက်ကြောင့် ခံစားရတဲ့ပြစ်ဒဏ်တွေပါပဲ။ အဲဒီလိုပြုလုပ်တဲ့လူတွေကို နိုင်ငံတာကလည်း နိုင်ငံရေးအကျဉ်းသားသာ သတ်မှတ်ထားတယ်။ သို့ပေမယ့်လည်း နိုင်ငံတော် အစိုးရကတော့ နိုင်ငံတော်ပုန်ကန်မှုတွေ၊ မတရားအသင်းဆက်သွယ်မှုတွေ၊ ငြိမ်းစုစီဥပဒေတို့နဲ့အရေးယူပြီးတော့ အပြစ်ပေးထားတယ်။ အဲဒီဟာကလည်း နိုင်ငံတော်က တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းတဲ့သဘောပါပဲ။ အမှန်တကယ် ဆိုရင် အဲဒီလူတွေက ရာဇဝတ်မှုကျူးလွန်သူတွေမှမဟုတ်တာ။ ဒါကြောင့် ကမ်ပိန်းလုပ်တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုလို့ပဲမြင်တယ်”ဟုပြောသည်။ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင်ဆိုင်နေရသူ ၂၆၉ ဦးရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၄ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။
Western News-WN
https://www.facebook.com/102405104899336/posts/206879474451898/