By Western News/ January 3/ 2021
– ခိုင်ဇော်ထွန်း

ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည့်အတိုင်း ဖမ်းဆီးခံနေရသည့် ရခိုင်နိုင်ငံရေးသမားများ၊ အပြစ်မဲ့ပြည်သူများနှင့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တစ်ချို့ကို NLD အစိုးရမှလွှတ်ပေးလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။ “လက်ရှိတာဝန်ယူထားတဲ့ NLD အစိုးရကလည်း အဲဒီကိစ္စတွေကိုအလေးအနက်ထားပြီး စဉ်းစားလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ ဘာကြောင့်လည်းဆိုတော့ နှစ်ဖက်အပြန်အလှန် ညှိနှိုင်းကြတယ်၊ ဆွေးနွေးကြတယ် အပေးအယူလုပ်ကြတယ်ဆိုတဲ့ အကျိုးဆက်က အလာဟသ မဖြစ်ဘူးလို့ ကျွန်တော်တို့ ယူဆတယ်။ ဒီတော့ ဒီဟာကိုလည်း NLD အစိုးရအနေနဲ့ ဥပဒေကြောင်းအရဖြစ်စေ၊ တစ်ခြားနည်းလမ်းတစ်ခုနဲ့ဖြစ်စေ သီးခြားပြဿနာအနေနဲ့စဉ်းစားပြီးတော့ လွှတ်ပေးလိမ့်မယ်လို့ ကျွန်တော်တို့က ယူဆတယ်”ဟုပြောသည်။စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးလိုအပ်ချက်အရဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် တောင်ကုတ်မြို့နယ် NLD ပါတီဝင် ၃ ဦးကို ဇန်နဝါရီလ ၁ ရက်နေ့တွင် မြေပုံမြို့နယ်၊ မီးကျောင်းတက်ကျေးရွာတွင် တပ်မတော်လက်ခံရေးအဖွဲ့ထံအပ်နှံကာ ရက္ခိုင့်တပ်တော် AA မှပြန်လည်လွှတ်ပေးခဲ့သည်။ရက္ခိုင့်တပ်တော် AA မှ NLD ပါတီဝင် ၃ ဦးဖြစ်ကြသည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို လွှတ်ပေးလိုက်ခြင်းမှာ နှစ်သစ်၏ မင်္ဂလာတစ်ပါးဖြစ်ပြီး၊ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်က ပြောသည်။“ရက္ခိုင့်တပ်တော်နေပြီးတော့ ကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ယောက်ပေါ့လေ။ ဒီ ၃ ယောက်ကို သူတို့က ၂ လကျော်လောက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ အခု လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူတို့ကို ပြန်လွှတ်လိုက် တယ်ပေါ့ လေ။ လွှတ်ပေးလိုက်တဲ့အပေါ်မှာလည်း တပ်မတော်ကပါဝင်ကူညီဆောင်ရွက်ပေးတယ်။ ဒါတွေဟာ ပြောရင်တော့ ၂၀၂၁ နှစ်သစ်ရဲ့ မင်္ဂလာတစ်ပါးပါပဲလို့ပြောချင်တယ်”ဟုပြောသည်။NLD ပါတီဝင် ၃ ဦးကို ရက္ခိုင့်တပ်တော် AA မှ လွှတ်ပေးလိုက်သည့်အပေါ် NLD ပါတီအနေဖြင့်ကြိုဆိုပြီး ငြိမ်းချမ်မှုများရရှိအောင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ရှေ့ဆက်ပြီးဖြေရှင်းသွားရန် လိုအပ်ကြောင်းလည်း မုံရွာအောင်ရှင်ကပြောဆိုသည်။ရခိုင်ပြည်နယ်တွင် တပ်မတော်မှ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရသူ ၂၆၉ ဦးရှိသည်ဟု သဇင်ဉပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။ ၎င်းတို့သည် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင်ဆိုင်အကျဉ်းကျခံနေရပြီး စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၄ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်းလည်းသိရသည်။
Western News- WN
– ဓာတ်ပုံ-ဝင်းထွန်း
https://www.facebook.com/102405104899336/posts/204381624701683/