ဖမ်းဆီးခံကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဂျပန်တွင်ဆန္ဒပြ တောင်းဆို

By Development Media Group / 2021 January 29

ဉာဏ်ဟိန်း

ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဖမ်းဆီးခံ ထားရသည့် ကျောင်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဂျပန်ရောက် မြန်မာနိုင်ငံသားများက ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ဂျပန်ရောက် ရခိုင်အဖွဲ့အစည်း ANDP(Japan)၊ ကရင်အဖွဲ့အစည်း OKO(Japan)နှင့် ကချင်အဖွဲ့အစည်း KNO(Japan)တို့က ဦးဆောင်ကာ ဇန်နဝါရီ ၂၇ ရက်နေ့က ဂျပန်နိုင်ငံ Shibuya(UN)ရုံးရှေ့တွင် ယင်းသို့ ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ANDP-Japan ဥက္ကဋ္ဌ ကိုဘုန်းမြင့်က “ရခိုင်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ကို ဖမ်းဆီးထောင်ချထားတာဟာ အစိုးရအနေနဲ့ တရားမျှတမှုမရှိဘဲ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်တားဆီးထားတာဖြစ်တယ်လို့ ယူဆပါတယ်”ဟု ဆိုသည်။ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့နယ်တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားသည်။၎င်းတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၅၀၅(ခ)တို့ဖြင့် စစ်တွေခရိုင်တရားရုံးက ၂၀၁၉ ခုနှစ် မတ်လအတွင်းက ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။လက်ရှိ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့မှာ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်မှာ တစ်နှစ်ခွဲကျော်ရှိလာပြီဖြစ်သည်။လက်ရှိအစိုးရအနေဖြင့် တန်းတူညီမျှမှု၊ အမျိုးသားရင့်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်မည်ဆိုပါက ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို အမြန်ဆုံးလွှတ်ပေးရန်လိုကြောင်းလည်း ကိုဘုန်းမြင့်က ပြောသည်။၎င်းတို့နှစ်ဦးလွတ်မြောက်ရေးမှာ ငြိမ်းချမ်းရေးဖြစ်ထွန်းတိုးတက်မှုအပေါ်တွင် မူတည်ကြောင်း လက်ရှိအာဏာရ ပါတီလည်းဖြစ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ထပ်မံအစိုးရဖွဲ့နိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က DMG သို့ ပြောဆိုထားသည်။ဂျပန်တွင်ဆန္ဒဖော်ထုတ်ရာ၌ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် 4G အင်တာနက် ပြန်ဖွင့်ပေး ရန်နှင့် ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ အမြန်ဆုံးရုပ်သိမ်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ANDP-Japan ဥက္ကဋ္ဌ ကိုဘုန်းမြင့်က “တိုင်းရင်းသားအားလုံးနဲ့ အမျိုးသားရင့်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်မယ်ဆိုရင် တိုင်းရင်းသားအားလုံးငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ပါဝင်လာနိုင်အောင်အတွက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကပယ်ဖျက်ပြီးမှ ပါဝင်လာနိုင်မှာဖြစ်ပါတယ်။ အစိုးရဘက်က AA ကို အကြမ်းဖက်ကြေငြာခြင်းကို မရုပ်သိမ်းပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်ဖို့ အဟန့်အတားဖြစ်စေမှာပါ” ဟု ဆိုသည်။ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းကစပြီး တပ်မတော်နဲ့ အေအေတို့ နှစ်ဖက်ဆွေးနွေးမှု လမ်းကြောင်း ပွင့်လာသည်နှင့်တစ်ပြိုင်နက် ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ ရပ်တန့်နေသည်မှာ နှစ်လကျော်ကြာမြင့်လာခဲ့ပြီဖြစ်သည်။ရက္ခိုင့်တပ်တော်(AA)အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ ပဏာမအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ရန်အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပဏာမအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအဆိုကို အစိုးရက မြောက်ပိုင်းလေးဖွဲ့ထံပေးပို့ထားပြီး ယင်းကိစ္စအား မြောက်ပိုင်းလေးဖွဲ့တို့ကြားညှိနှိုင်းနေဆဲဖြစ်ကြောင်း TNAL ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က DMG သို့ ပြောဆိုထားသည်။ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရေးအဆိုနှင့် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင် သတင်းများကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရေးအတွက် မြန်နှုန်းမြင့် 4G အင်တာနက်ပြန်ဖွင့်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့်အဆိုတို့ကို ပြီးခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

https://www.facebook.com/466648543487562/posts/1931340147018387/

Leave a Reply

Your email address will not be published.