By Development Media Group / January 28 / 2021

အောင်ကောင်းဇော် | DMGဇန်နဝါရီ ၂၈ ၊
မာန်အောင်ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် လျှိုပိတ်ဆည် တည်ဆောက်ရာ၌ မြေယာပါဝင်သွားသည့်တောင်သူများအတွက် နစ်နာကြေးရရှိနိုင်ရန် တင်ပြထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
၎င်းဆည်ကို ၂၀၂၀ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ဆည်တည်ဆောက်ရာ၌ မြေရာပါဝင်သွားသည့် တောင်သူများအတွက် အစိုးရထံတင်ပြထားကြောင်း မာန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျန်အေးက DMG သို့ပြောသည်။
“လျှော်ကြေးရမှာမဟုတ်ဘူး၊ နစ်နာကြေးရမှာ။ တစ်ဧကဘယ်လောက်ပေးမယ်ဆိုတဲ့ပုံစံတော့ မဟုတ်ဘူး၊ အဓိကဌာနကပုံစံအတိုင်းပေးဖို့ တင်ပြထားတယ်၊ အခုငွေကတော့ မကျသေးဘူး၊ တောင်သူဘယ်လောက် အတွက်ဆိုတာတော့ တိတိကျကျမသိသေးဘူး။ သိန် ၂၀ နီးနီးလောက်ကျမယ်သိရတယ်” ဟု ၎င်းကဆိုသည်။
ပြင်ကောက်ဆည်တည်ဆောက်ရာ၌ ပုံစံ ၇ ရရှိပြီးသော တောင်သူ ၉ ဦးနှင့် ပုံစံ ၇ မရရှိဘဲ ဓားမဦးချ လုပ်ကိုင် လာသည့် တောင်သူ ၉ ဦး၏ မြေယာစုစုပေါင်း ၅၂ ဒသမ ၄၅ ဧက ပါဝင်သွားခဲ့ကြောင်း သိရသည်။ယင်းမြေယာများအတွက် နစ်နာကြေးအဖြစ်သာ သီးသန့်ပေးမည်ဆိုပါက တောင်သူများအနေဖြင့် ဆက်လက် လုပ်ကိုင်စားသောက်ရန်အခက်အခဲဖြစ်လာနိုင်ကြောင်း လယ်မြေ ၄ ဧကကျော်ပါဝင်သွားသည့် တောင်သူ ဦးဖိုးရီကပြောသည်။
“အခုတော့ အလုပ်အကိုင်မရှိဘူးဖြစ်နေတယ်ပေါ့။ ကျနော်တို့ကို နစ်နာကြေးအနေနဲ့သာပေးမယ်ဆိုရင် တော်တော်အခက်တွေ့နိုင်တယ်။ ကျနော်တို့ကိုလာဆွေးနွေးတုန်းက ဒေသပေါက်ဈေးထက် ပိုပေးမယ်လို့ ပြောလို့ ကျနော်တို့သဘောတူလိုက်တာဖြစ်တယ်” ဟု ၎င်းကဆိုသည်။ဓားမဦးချလုပ်ကိုင်လာသည့် မြေယာပိုင်ရှင်များကိုလဲ အစိုးရအနေဖြင့် နစ်နာကြေး၊ လျှော်ကြေးငွေပေးရန်လည်း တောင်သူများက တောင်းဆိုကြသည်။
“ဒီထဲမှာက နှစ်ရှည်ပင်တွေ စိုက်ထားတဲ့မြေတွေ၊ ကျွန်းပင်တွေစိုက်ထားတဲ့မြေတွေ၊ ကိန်းမြေတွေ၊ ဆေးရွက်ကြီးစိုက်မြေတွေ တော်တော်များများပါဝင်သွားတယ်။ ဒါကို အစိုးရအနေနဲ့ ပုံစံ ၇ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဓားမဦးချလုပ်ကိုင်သူတွေကိုပါ နစ်နာကြေးလျော်ကြေးပေးစေချင်တယ်” ဟု တောင်သူ ကိုတင်မောင်ထွေးက ဆိုသည်။
မာန်အောင်မြို့နယ်အတွင်းတွင် ကြက်တောင်လျှိုပိတ်ဆည်၊ ကံလက်လျှိုပိတ်ဆည်၊ ဒိုးဒန်းလျှိုပိတ်ဆည်နှင့် ပြင်ကောက်လျှိုပိတ်ဆည် စသည့်လျှိုပိတ်ဆည်လေးခုရှိသည့်အနက် ကြက်တောင်ဆည်နှင့် ပြင်ကောက်ဆည်တို့မှ ရေဖြန့်ဝေပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
https://www.facebook.com/466648543487562/posts/1931406063678462/