ပေါက်တောမြို့နယ် ဒုက္ခသည်စခန်းတွင် အုပ်စုဖွဲ့အဓမ္မမှုကျုးလွန်သူ နောက်ထပ်တစ်ဦး ဖမ်းမိ

Western News- ခင်သီတာ
January / 4 / 2021

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကြီးအုပ်စု၊ ငှက်ချောင်း မွတ်ဆလင်ဒုက္ခသည်စခန်းမှ အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်အား အဓ္မပြုကျင့်ကာ ထွက်ပြေးတိမ်းရှောင်နေသူ ၂ ဦးအနက် နောက်ထပ် ၁ ဦးကို ထပ်မံဖမ်းဆီး ရမိကြောင်း ပေါက်တောမြို့မရဲစခန်းမှ သိရသည်။

အဓမ္မ ကျုးလွန်သူ ၃ ဦးဖြစ်သည့် ဟိုင်တာအလီ၊ ဇူဘိုင်နှင့် အဒူဂေါ်ဖူတို့ထဲမှ ဇူဘိုင်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၇ နာရီခန့်က ဖမ်းဆီးရမိခဲ့ပြီး ဟိုတာအလီကို ယနေ့ ဇန်နဝါလ ၄ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပေါက်တောမြို့မရဲစခန်းမှူးက Western News ကိုပြောသည်။

“နေ့လည်တုန်းက ဖမ်းဆီးရမိတာပါ။ ကျွန်တော်တို့ သတင်းရလို့သွားဖမ်းတာပေါ့ ။ ကျွန်တော်ကိုယ်တိုင်သွား ရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်။ တောင်ဦးမော် ရွာကဖမ်ဆီးခဲ့တာပါ။ လက်ရှိကတော့ ပေါက်တောစခန်းမှာပေါ့ ”ဟု ပြောသည်။

ယင်းအပြင် ကျန်ရှိနေသည့် ကျုးလွန်သူ တစ်ဦးကိုလည်း အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေ ကြောင်းလည်း စခန်းမှူးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့က အသက် ၁၂ နှစ် အရွယ် မွတ်ဆလင်အမျိုးသမီးငယ် တစ်ဦးအား ငှက်ချောင်းဒုက္ခသည်စခန်းမှ ဟိုင်တာအလီ၊ ဇူဘိုင်နှင့် အဒူဂေါ်ဖူတို့ ၃ ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့သည်ဟု ကာယကံရှင်အမျိုးသမီးငယ်က ဆိုထားသည်။

အဓမ္မပြုကျင့်ခံခဲ့ရသည့်အမျိုးသမီးငယ်မှာ ပြစ်မှုကျုးလွန်သူ ဇူဘိုင်အိမ်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့က ဇူဘိုင်၏ ဦးလေးဖြစ်သူ ဟိုင်တာအလီတွင် ငွေကျပ် ၁၂ သိန်းပျောက်သွားပြီး ၎င်းတို့ မှာ အိမ်နီးချင်းဖြစ်သည့်အတွက်အမျိုးသမီးငယ်မှာ အဝင်အထွက်ရှိသည့်အတွက် ငွေခိုးသည်ဟုစွပ်စွဲကာ နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက် နေ့ထိ ရိုက်နှက်ကာ စစ်ဆေးမေးမြန်းကြပြီး ၂၉ ရက်နေ့တွင် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း မိန်းကလေးငယ်၏ ဦးလေးဖြစ်သူကပြောထားသည်။

အမျိုးသမီးငယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့တွင် ပေါက်တောဆေးရုံမှ စစ်တွေဆေးရုံသို့ပြောင်းရွေ့ကာဆေးကုသမှု ခံယူလျက်ရှိသည်။ တရားခံ ၃ဦးကိုလည်း ပြစ်မှုပုဒ်မ ၃၂၃၊ ၃၄၃၊ ၃၅၄၊ ၃၇၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသည်။

https://www.facebook.com/102405104899336/posts/205077581298754/

Leave a Reply

Your email address will not be published.