ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတစ်နှစ်ကျော်ကြာပိတ်ထားသဖြင့် ဒေသခံများကျန်းမာရေး အခက်အခဲကြုံနေရ

By Western News/ 2021 January 30

အောင်စိုး

ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့သို့ဆက်သွယ်ထားသည့် ကားလမ်းမကို ပိတ်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သဖြင့် ယင်းဒေသ၌ နေထိုင်ကြသည့် ဒေသခံပြည်သူများမှာ ကျန်းမာရေးဆိုင်ရာ အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများကပြောဆိုကြသည်။ကားလမ်းကိုပိတ်ပင်ထားသဖြင့်ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍ ကျေးရွာပေါင်း ၆၄ ရွာကလူဦးရေ ၅၀၀၀၀ ကျော်မှာ ပုဏ္ဏားကျွန်းဆေးရုံကြီးသို့သွားရောက်ဆေးကုသမှုမခံယူနိုင်တော့သဖြင့် ယင်းဒေသရှိ ပိုးရွှီပြင်တိုက်နယ်ဆေးရုံကို အဓိကအမှီပြုနေကြရသည်။အဆိုပါကားလမ်းမကို ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ်မှစတင်ကာ တပ်မတော်ကလုံခြုံရေးအရပိတ်ပင်ထားခြင်း ဖြစ်သော်လည်း လက်ရှိအချိန်တွင် တိုက်ပွဲများရပ်တန့်နေပြီဖြစ်သဖြင့် ၎င်းကားလမ်းမအား ပြန်ဖွင့်ပေးရန် ဒေသခံများကလိုလားနေကြသည်။ကားလမ်းကိုမပိတ်သေးသည့် အချိန်ကဆိုလျင် ကျန်းမာရေးကိစ္စ၊ စီးပွားရေးကိစ္စများဖြင့် ပုဏ္ဏားကျွန်းသို့ သွားလျှင် လျင်မြန်ဖြင့်ချောချောမွေ့မွေ့ရောက်ပြီး ယခုဆိုလျင် ကားလမ်းအစား ရေလမ်းကို အသုံးပြုနေရသည့် အတွက် မလိုအပ်သည့်ဆိုးကျိုးများဖြစ်ပွားနေသဖြင့် ကားလမ်းအားအမြန်ဆုံးပြန်ဖွင့်ပေးရန် လိုအပ်သည်ဟု ပိန္နဲတောကျေးရွာအုပ်ချုပ်ရေးမှုး ဦးအေးထွန်းစိန်းကပြောသည်။”ကားလမ်းပိတ်ထားလို့ကျွန်တော်တို့မှာ ကျန်းမာရေး၊ စီးပွားရေးကိစ္စတွေ လုံးဝအဆင်မပြေဖြစ်သွားတယ်။ ဒါကြောင့် အမြန်ဆုံးပြန်ဖွင့်ပေးစေချင်တယ်။”ဟု ပြောသည်။သို့သော်လည်း လက်ရှိအချိန်တွင် ပိုးရွှီပြင်တိုက်နယ်ဆေးရုံ၌ ဆရာဝန်ကြီးမရှိတော့သဖြင့် ဒေသခံများက ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ပေါ်လာလျင် ပုဏ္ဏားကျွန်းသို့ရေကြောင်းခရီးဖြင့်သွားလာနေရ၍ အချိန်ကြန့်ကြာမှုများရှိသဖြင့်ဒေသခံများ၏အသက်ဆုံးရှုံးမှုများကိုကြုံတွေ့နေရသည်ဟု ပိုးရွှီပြင်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမောင်ကျော်စောကပြောသည်။” ကျွန်တော်တို့ဒေသဖက်မှာရှိတဲ့ဒေသခံတွေကျန်းမာရေးကိစ္စဆိုရင် ကျွန်တော်တို့ရွာမှာရှိတဲ့ တိုက်နယ် ဆေးရုံကိုအားကိုးနေကြရတာ။ အခုတော့ ကျွန်တော်တို့ရွာမှာဆရာဝန်မရှိတာကြာပြီ။ ကားလမ်းကိုလည်း ပိတ်ထားတာပြန်မဖွင့်သေးဘူး။ ကားလမ်းမဖွင့်သေးလို့ ဒေသခံတွေရဲ့ကျန်းမာရေး၊ စီးပွားရေး အစစအရာရာ အခက်ကြုံတွေ့နေရတယ်”ဟု ပြောသည်။ထို့အတူ ၎င်းကားလမ်းအာပြန်ဖွင့်ပေးမည်ဆိုလျင်လည်း ဒေသခံများအန္တရာယ်မဖြစ်ပွားနိုင်ရန်အတွက်တိုက်ပွဲ အတွင်းအသုံးပြုခဲ့ကြသည့် မြေမြုပ်မိုင်းများကို ရှင်းလင်းပြီးမှ ပြန်ဖွင့်သင့်သည်ဟု ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မင်းသန့်အားဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

Western News- WN

https://www.facebook.com/102405104899336/posts/221470769659435/

Leave a Reply

Your email address will not be published.