ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းအား ဖွင့်ပေးရန် ဒေသခံများတောင်းဆို၊ မိုင်းအန္တရာယ်ကြောင့် မဖွင့်ပေး ခြင်းဟု နယ်လုံဝန်ကြီးတုံ့ပြန်

By ကျော်သူဌေး/ DMG/ 2021 January 5

ဓာတ်ပုံ – ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းတစ်နေရာအား မိုးရာသီအတွင်းက တွေ့ရစဉ်။

ရခိုင်ပြည်နယ်တွင်ရှိသည့် ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းအား တပ်မတော်မှ လုံခြုံရေးအရ ပိတ်ပင်ထား သည်မှာ ၉လခန့် ကြာမြင့်နေပြီဖြစ်ရာ ဒေသခံ၏များအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများစွာဖြစ်ပေါ်နေ သဖြင့် ၎င်းကားလမ်းအားဖွင့်ပေးရန် ဒေသခံများကတောင်းဆိုကြသည်။ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်ရှိသည့်အချိန်က ကျေးရွာပေါင်း(၆၄)ရွာမှ လူဦးရေ ငါးသောင်းကျော်သည် ၎င်းတိုက်နယ်ဆေးရုံကိုမှီခိုပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့ရကြောင်း ဒေသခံ များက ဆိုသည်။ယခုအခါ ပိုးရွှီပြင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည့်အပြင် ကားလမ်းကိုလည်း ပိတ်ပင်ထားသဖြင့် ပုဏ္ဏားကျွန်းမြို့ပေါ်သို့ရေလမ်းခရီးဖြင့်သွားရောက်ကာ ဆေးကုသမှုခံယူနေကြရသည်။ရေလမ်းခရီးဖြင့်သွားရာတွင် အချိန်ကြန့်ကြာမှုများကြောင့် အရေးပေါ်လူနာများ အသက်ဆုံးရှုံးမှုများလည်း ရှိသဖြင့် ကားလမ်းဖွင့်ပေးရန်တောင်းဆိုကြောင်း ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်က ပြောသည်။“တိုက်နယ်ဆရာဝန် ရှိတဲ့အချိန်ကဆိုရင် ကျနော်တို့တောဖျားမှာ ဆေးရုံကို အချိန်မီရောက်နိုင်တဲ့အတွက် မသေ သင့်တဲ့သူတွေ သေသွားတဲ့ကိစ္စက နည်းသွားတယ်။ အခုက တိုက်နယ်ဆရာဝန်လည်းမရှိ၊ ကားလမ်းကလည်း ပိတ်ထားတယ်ဆိုတော့ ဆေးရုံကိုအချိန်မှီမရောက်နိုင်တဲ့အတွက် မသေသင့်ဘဲ သေသွားတဲ့သူတွေ အများကြီး ရှိတယ်” ဟု ကိုအောင်ကျော်က ဆိုသည်။ကားလမ်းမပိတ်မီအချိန်က ပုဏ္ဏားကျွန်းမြို့ပေါ်သို့ ကားဖြင့် မိနစ် ၂၀ ခန့်သာသွားရပြီး ယခုအခါ ရေလမ်းကြောင်းမှ စက်လှေဖြင့်သွားပါက ၅ နာရီခန့်ကြာအောင် သွားလာနေရသဖြင့် အရေးပေါ်လူနာများမှာ အသက်ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နေရကြောင်း ဒေသခံများက ပြောသည်။ဝေးလံခေါင်ဖျားသည့် တောဖျားချောင်းဒေသမှ ပြည်သူများမှာ ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းမပေါ်သို့ ရောက်ရှိရန် ရေလမ်းခရီးမှတစ်ဆင့် သွားလာရကြောင်းလည်း သိရသည်။ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းအား ပြန်လည်ဖွင့်ပေးရန် ပြီးခဲ့သည့် နိုဝင်ဘာလနောက်ဆုံအပတ်တွင် နယ်လုံဝန်ကြီးအား တင်ပြတောင်းဆိုထားပြီး တိုက်ပွဲအခြေအနေကိုကြည့်ပြီး နောက်ထပ်လည်း တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။“ဒီလမ်းကို ပြည်သူတွေသွားလာရ အဆင်ပြေအောင် ဖွင့်ပေးပါရန်ဆိုပြီးတော့ ကျွန်မတို့ကိုယ်တိုင်က တင်ပြ ထားတာရှိတယ်။ မိုင်းတွေရှိပြီး ပြည်သူတွေအန္တရာယ်ဖြစ်မှာစိုးလို့ လောလောဆယ် ဖွင့်မပေးနိုင်သေးဘူးလို့ နယ်/လုံဝန်ကြီးက အကြောင်းပြန်လာတယ်။ တိုက်ပွဲအခြေအနေကိုကြည့်ပြီး လမ်းဖွင့်ပေးဖို့အတွက် ကျွန်မတို့ အနေနဲ့ ပြန်ပြီးတင်ပြဖို့ရှိတယ်” ဟု ပြောသည်။ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကမူ ၎င်းနေရာများတွင် နှစ်ဖက် လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားမှုများရှိခဲ့သဖြင့် ကားလမ်းတွင် မိုင်းများရှိနိုင်သောကြောင့် ပြန်မဖွင့်ပေးခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုသည်။“တပ်တွေက နှစ်ဖွဲ့ရင်ဆိုင်ထားတာတွေ ရှိတဲ့အခါကျတော့ မိုင်းတွေလည်းရှိတတ်တယ်။ အဲဒီတော့ တချို့ဟာတွေကျတော့ ပေးမသွားစေချင်တာ ပြည်သူလူထုကို အန္တရာယ်ဖြစ်မှာစိုးလို့။ အခုက ငြိမ်းချမ်းတယ်ဆိုတာကတော့ နှစ်ဖက်တရားဝင် သဘောတူထားတာမဟုတ်ဘူး။ ဒီတိုင်း အလွတ်သဘောပဲ ရှိသေးတာ။ အရေးပေါ်လူနာရှိရင် အဲမှာလှမ်း ခွင့်တောင်းရင်ပေးတာပဲ” ဟု ဗိုလ်မှူးကြီးမင်းသန့်က ပြောသည်။အဆိုပါကားလမ်းအား တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်ပင်ထားခဲ့သော်လည်း ယခုအခါ တိုက်ပွဲများရပ်တန့်နေသဖြင့် လမ်းပြန်ဖွင့်ပေးရန် ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုနေကြခြင်းဖြစ်သည်။

https://www.facebook.com/466648543487562/posts/1913701622115573/

Leave a Reply

Your email address will not be published.