ပုဏ္ဏားကျွန်းတွင် တလင်းသိမ်းနေသူ တစ်ဦးသတ်ဖြတ်ခံရပြီး တစ်ဦးပျောက်ဆုံး၊ နွား ၁၆ ကောင်ခိုးယူခံရ

By Westem News/ January / 6 / 2021

Western News – ကိုဥက္ကာ
ဇန်နဝါရီ ၆ ရက်

ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာတွင် တလင်းသိမ်းနေသည့် ကျေးရွာသားတစ်ဦး သတ်ဖြတ်ခံရပြီး နွားများကိုခိုးယူမှု တစ်ခုဖြစ်ပွားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး က Western News ကိုပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့ ညအချိန်က ကျော်ဇံကျေးရွာနှင့် တစ်မိုင်ကျော်ဝေးသည့် လယ်တဲ၌ တလင်းသိမ်းကာ ညစောင့်အိပ်နေကြစဉ် ယင်းသို့သတ်ဖြတ်ခံရခြင်းဖြစ်ပြီး သေဆုံးသူမှာ ဦးထွန်းသိန်း အသက် ၅၂ နှစ်နှင့် ပျောက်ဆုံးနေသူ ဦးအောင်နိုင် အသက် ၃၂ တို့မှာဖြစ် ကြသည်

ဇန်နဝါရီ ၆ ရက်နေ့ ယနေ့နံနက်ပိုင်းက ဦးထွန်းသိန်း၏ သားဖြစ်သူမှ ဖခင်ထံသို့ လဖက်ရည်ပို့ဆောင်ရန်သွားစဉ် ဖခင်ဖြစ်သူအား ကြိုးဖြင့်တုတ်နှောင်ကာ ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ဦးအောင်နိုင်မှာလည်း ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

“မိုးလင်းလို့ သူ့သားရောက်လာတော့ သူ့အဖေကို မှောက်လျက်တွေ့တယ်။ ခြင်ထောင်တွေနဲ့ မျက်နှာတွေကို အုပ်ပြီးတော့ ကြိုးတွေနဲ့ ခြေနဲ့လက်ကို ချဉ်ထားတယ်။ ပြီးတော့ အနားကခြံစည်းရိုးတိုင်တွေနဲ့ ရိုက်ခဲ့ကြတာ”ဟု သေဆုံးသူ ဦးထွန်းသိန်း၏ အစ်ကိုဖြစ်သူကပြောသည်။

ယင်းအပြင် ဦးအောင်နိုင် အပါဝင် နွား ၁၆ ကောင်ပျောက်ဆုံးနေပြီး လက်ရှိအချိန်တွင် ပျောက်ဆုံးနေသည့် ဦးအောင်နိုင်ကို ကျေးရွာသားများက ရှာဖွယ်ရန်ပြင်ဆင်နေကြသည်ဟုလည်း အုပ်ချုပ်ရေးမှူး ဦးခင်ထွန်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်းကို သီးခြားအတည်ပြုနိုင်မှုမရှိသေးသော်လည်း ကျော်ဇံကျေးရွာ အနီးပတ်ဝန်းကျင်တွင် ယခင်ကလည်း ကျွဲနွားများ ခိုးယူမှုများရှိခဲ့သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့မရဲစခန်းကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရရှိခဲ့ပေ။

https://www.facebook.com/102405104899336/posts/206221614517684/

Leave a Reply

Your email address will not be published.