ပါတီဝင်သုံးဦးကို ပြန်လွှတ်ပေးမည့် AA ၏ အစီအစဉ်အား ကြိုဆိုကြောင်း NLD ဗဟိုပြော

By Development Media Group/ January 1/ 2021

မင်းထွန်း | DMGဇန်နဝါရီ ၁ ၊ စစ်တွေရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်သုံးဦးကို ရက္ခိုင့်တပ်တော် (AA)မှ ပြန်လွှတ်ပေးမည်မှာဖြစ်နိုင်ကြောင်းနှင့် ယင်းအစီအစဉ်ကိုကြိုဆိုကြောင်း NLD ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။NLD ပါတီဝင်များဖြစ်သည့် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချော သုံးဦးတို့ကို AA မှ ပြန်လွှတ် ပေးမည်ဟု ယနေ့ဇန်နဝါရီလ ၁ ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာများ၌ သတင်းများထွက်ပေါ်လာခြင်း ဖြစ်သည်။“ကျနော်ဆီကိုတော့ သတင်းမရောက်သေးဘူး။ ဒါပေမယ့် ကျနော့်အမြင်ကတော့ တခြားသတင်းဌာနတွေ ကလည်းမေးကြတယ်၊ အဲတော့ ဖြစ်နိုင်လောက်ပါတယ်။ ပြန်ပြီးတော့ လွှတ်ပေးတယ်ဆိုတာ ဖြစ်နိုင်လောက် ပါတယ်။ ဒီရက်ပိုင်းမှာ လွှတ်မယ်လို့လည်းကြားနေရတယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။ယခုကဲ့သို့ NLD ပါတီဝင်သုံးဦးကို လွှတ်ပေးခြင်းကိုကြိုဆိုပြီး AA နှင့် NLD ပါတီအကြား ရေရှည်ဆက်ဆံရေး အတွက် အစဉ်အလာကောင်းများ ပြန်လည်ရရှိခြင်းဟု ၎င်းကမှတ်ချက်ပြုသည်။NLD ပါတီဝင်သုံးဦး လွတ်မြောက်မည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် NLD ပါတီမှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။အဆိုပါ NLD ပါတီဝင်များသည် အောက်တိုဘာ ၁၄ ရက်က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ ရွေးကောက်ပွဲစည်းရုံးရေးခရီးသွားရောက်စဉ် ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။၎င်းတို့သုံးဦးကို AA မှ ဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၇၀ ကျော်ရှိလာသည့် နောက်ပိုင်းတွင် ပြန်လွှတ် ပေးမည်ဟု ယခုကဲ့သို့ သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။“သူတို့သုံးဦးကို ဒီနေ့လွှတ်ပေးမယ်လို့ တခြားသူတွေပြောသံကြားပါတယ်။ ကျမနဲ့တော့ အဆက်အသွယ် မရဘူး။ အခုလိုလွှတ်လာမယ်ကြားတော့ဝမ်းသာပါတယ်၊ မိသားစုနဲ့ နွေးနွေးထွေးထွေးနေရတော့မယ်ဆိုတော့ ဝမ်းသာတယ်။ လွှတ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဖမ်းဆီးခံရသည့် ဒေါ်နီနီမေမြင့်၏ အဒေါ်ဖြစ်သူ ဒေါ်မြရီက ပြောသည်။ပါတီဝင်သုံးဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ပါတီဗဟိုမှလည်း ကြေညာချက် နှစ်ကြိမ်ထုတ်ပြန်ထားပြီးဖြစ်သလို NLD ပါတီ၏ ရခိုင်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့က ဒီဇင်ဘာလ ၂၉ ရက် နေ့တွင် ထုတ်ပြန်ချက်ဖြင့် တောင်းဆိုထားသည်။ရက္ခိုင့်တပ်တော်(AA)ကမူ ဖမ်းဆီးထားသည့် NLD ပါတီဝင်သုံးဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်းနှင့် နှစ်ဦးနှစ်ဘက်ညှိနှိုင်းမှုအဆင်ပြေပါက အပြန်အလည်နားလည်မှုရရှိသော အခြေအနေတွင် အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း AA က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

https://www.facebook.com/466648543487562/posts/1910633495755719/

Leave a Reply

Your email address will not be published.