ပလက်၀မြို့တွင် မိုင်းပေါက်ကွဲပြီး တပ်မတော်သားဇနီးတစ်ဦး ဒဏ်ရာရ

By Narinjara/ January /12/ 2021

ခိုင်လူလှ (ရိုးမမြေ)နိရဥ္စရာ၊ ဇန်နဝါရီ ၁၂ /၂ဝ၂၁

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် တပ်မတော်သားဇနီးသည်တစ်ဦး ယနေ့နံနက်က မြေမြုပ်မိုင်းပေါက်ကွဲပြီး ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ အမှတ် (၂၈၉) တပ်ရင်းမှ ဒုတပ်ကြပ် ထွန်းမင်းဇော်၏ ဇနီးဒေါ်တိုးတိုးဝင်း (အသက် ၃ဝ ကျော်အရွယ်) ဖြစ်ကြောင်း မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

“ ဒီနေ့ မနက် ၁ဝ နာရီကျော်လောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ တပ်မိသားစုဖြစ်ပါတယ်။ ဟို ၂၈၉ တောင်ကြောမှာဖြစ်တယ်လို့ ကြားရပါတယ်။ အခု ဆေးရုံကို ယူလာလို့ သိတာပါ။ ဆေးရုံမှာပါ။ ဒေါ်တိုးတိုးဝင်း ခြေထောက် တစ်ဖက်ပြတ်သွားတယ်။ ဆေးရုံကို ရောက်နေပါပြီ” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒေါ်တိုးတိုးဝင်းသည် ရခိုင်အမျိုးသမီးတစ်ဦးဖြစ်ပြီး တပ်ပြင်တွင် နေထိုင်သူ တစ်ဦးဖြစ်ကာ ကလက်ချောင်းဘက်ကို ဝါးခုတ်ရန်သွားရာမှ မိုင်းနင်းမိသည်ဟု ကြားသိရကြာင်း ၎င်းက ပြောကြားသည်။

တစ်ခြားဒေသခံ တစ်ဦးကလည်း မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိသွားခြင်းကို အတည်ပြုပြီး မောင်မောင် (ခူမီးရွာ) အနီးတွင် ဖြစ်ပွားသည်ဟု ကြားသိရကြောင်း ပြောကြားသည်။ပလက်ဝမြို့မရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိက ၎င်းသတင်း သူမရသေးဟု ပြောကြားသည်။

https://www.facebook.com/151742128171206/posts/3952598851418829/

Leave a Reply

Your email address will not be published.