By Myanmar Now / January / 12 / 2021
ပလက်၀တွင် ဝါးခုတ်သွားသည့်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းထိပြီး ခြေတစ်ဘက်ပြတ်သွားသည်ဟု အာဏာပိုင်တို့က ပြောသည်
TMKPublished on Jan 12, 2021
ပလက်ဝမြို့ကို၂၀၂၀ ဖေဖော်ဝါရီလအတွင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ- Myanmar Now)
ချင်းပြည်နယ် ပလက်ဝမြို့နယ် ခလရ ၂၈၉ ခြေမြန်တပ်ရင်းမှ တပ်မိသားစုဝင် အမျိုးသမီးတစ်ဦးသည် ယနေ့ (ဇန်နဝါရီ ၁၂) မွန်းလွဲပိုင်းတွင် မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်တောက်သွားခဲ့ကြောင်း ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ညာခြေထောက်ပြတ်တောက်ဒဏ်ရာရရှိသွားသူမှာ ခလရ ၂၈၉ တပ်ရင်းမှ တပ်သားထွန်းမင်းကျော်၏ဇနီး ၃၈ နှစ်အရွယ် ဒေါ်တိုးတိုးဝင်းဖြစ်ပြီး ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် မောင်မောင်ကျေးရွာဘက်သို့ ဝါးခုတ်ရန် သွားရောက်စဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက Myanmar Now ကို ပြောသည်။
“(တပ်က) မောင်မောင်ရွာဘက်ကို မသွားဖို့တားတော့ ကျွန်တော်တို့ဆီကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဒီဘက်ကို မသွားဖို့မှာတယ်။ ပြီးရင် မြို့ပေါ်မှာစစ်ရှောင်တွေရှိတာကိုး၊ သူတို့က အဲဒီဘက်ကို ဖားရှာငါးရှာသွားကြတာရှိတယ်။ သူတို့ကိုလည်း အဲဒီဘက်ကို မသွားဖို့မှာတယ်။ မှာတော့လည်း သွားတဲ့လူကတော့ သွားနေကြတာပဲလေ” ဟု ၎င်းက ပြောသည်။
မောင်မောင်ကျေးရွာသည် ခလရ ၂၈၉ တပ်ရင်း၏မြောက်ဘက်ရှိ တပ်နယ်မြေအတွင်း တည်ရှိပြီး ဥယျာဉ်ခင်းလုပ်ကိုင်သည့် ခူမီးလူမျိုးများနေထိုင်ရာ အိမ်ခြေ ၁၀ လုံးခန့်သာရှိသော ရွာငယ်လေးတစ်ရွာဖြစ်သည်ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။
“မိုင်းပေါက်တာက (ခလရ)၂၈၉ ဧရိယာအဝိုင်းမှာ ပေါက်တာပါ။ သူက ဝါးခုတ်ဖို့သွားတာ၊ အဲဒီမှာပေါက်တာ။ ဒဏ်ရာရတဲ့ သူကလည်း စစ်သား (တပ်မတော်သား) မိန်းမ ဖြစ်တယ်။ ရခိုင်သူမတစ်ယောက်ပါ” ဟု အဆိုပါဒေသခံက ပြောသည်။
၂၀၁၉ ဧပြီနှင့် မေလအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်စဉ်က ကျန်ရှိနေသည့် မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်ကြောင်း ပလက်ဝမြို့မရဲစခန်းမှူး ဦးဝင်းလွင်က ပြောသည်။
“ညာဘက်ခြေထောက် တော်တော်ပြတ်သွားတယ်လို့ ကြားတယ်။ တပ်နယ်မြေထဲမှာ ဖြစ်တာဆိုတော့ တပ်ကဆရာဝန်နဲ့ ကုနေတယ်။ အသက်အန္တာရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု ဦးဝင်းလွင်က ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခပေါ်ကျေးရွာနေ အမျိုးသမီးတစ်ဦးမှာလည်း ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၄ တွင် တောင်ပေါ်သို့ ထင်းခုတ်ရန်သွားစဉ် မိုင်းနင်းမိ၍ မျက်စိတစ်ဖက်နှင့် ခြေထောက်တစ်ဖက် ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထို့အပြင် မင်းပြားမြို့နယ် စပါးထားကျေးရွာ၌ ဇန်နဝါရီ ၁၀ တွင် လူငယ်တစ်ဦး ကောက်ရလာသည့် စစ်ကျန် ဗုံးသီးတစ်လုံးကို ထုခွဲကြည့်ရာ ပေါက်ကွဲမှုဖြစ်၍ တစ်ဦးသေကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကျန်လက်နက်များ၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦးအထိ ရှိသည်ဟု စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။
စစ်ဘေးရှောင်များ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ရေး ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းခြင်း ပြုလုပ်ပေးရန် ယနေ့ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်း၍ အစိုးရကို တိုက်တွန်းခဲ့သည်။