By Western News/ 2021 January 12
ခိုင်ဇော်ထွန်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မောင်မောင်ကျေးရွာအနီးတွင်ရှိသည့် အမှတ် ၂၈၉ တပ်ရင်းမှ တပ်မတော်သားတစ်ဦး၏ ဇနီးဖြစ်သူမှာ ယနေ့ ဇန်နဝါရီလ ၁၂ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်က ဝါးခုတ်ရန်သွားစဉ် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။
ဒဏ်ရာရရှိခဲ့သူမှာ ၂၈၉ တပ်ရင်းမှ ဒု-တပ်ကြပ် ထွန်းမင်းဇော်၏ ဇနီးဒေါ်တိုးတိုးဝင်း အသက်(၃၈)နှစ်ဖြစ်ပြီး ၎င်းနေထိုင်သည့် မြို့သစ်ကျေးရွာအနီးတွင်ရှိသောတောင်ပေါ်သို့ အဖော်များနှင့်အတူ ဝါးခုတ်ရန်သွားစဉ် မိုင်းပေါက်ကွဲပြီး ယာဖက်ခြေထောက် ဒူးအောက်ပိုင်းပြတ်တောက်ဒဏ်ရာရရှိ ခဲ့သည်ဟု အမည်မဖော်လို သည့် ဒေသခံတစ်ဦးက ပြောသည်။
“သူက အဲဒီ ၂၈၉ တပ်ရင်းနားမှာရှိတဲ့ တောင်ကို အဖော်လေးငါးယောက်နဲ့ ဝါးခုတ်ဖို့သွားတယ်လို့ပြောတယ်။ ယာဖက်ခြေထောက်ဒူးဆစ်အောက်က ပြတ်ထွက်သွားတယ်။ တစ်ခြားဒဏ်ရာတွေရှိသေးလားဆိုတာတော့ ကျွန်မ မမြင်ခဲ့ဘူး။ သူနဲ့အတူသွားကြတဲ့အဖော်တွေမှာတော့ ဒဏ်ရာရရှိမှုမရှိဘူး။ သူ့အမျိုးသားကတော့ ၂၈၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတစ်ဦးဖြစ်တယ်လို့သိရတယ်”ဟုပြောသည်။
ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးနှင့်အတူ ဝါးခုတ်ရန်သွားရောက်ခဲ့သည့် မြို့သစ်ရွာမှ ဦးကျော်အေးကလည်း မိုင်းပေါက်ကွဲမှုမှာ ဟုတ်မှန်ကြောင်းပြောသည်။
“ အဖော်က အားလုံးငါးယောက်ပါတယ်။ ယောက်ျား ၃ ယောက်၊ မိန်းမ ၂ ယောက်ပါတယ်။ သူအမျိုးသား ကတော့ ရှေ့တန်းမှာထွက်နေတယ်။ သူကတော့ ကျွန်တော်တို့ မြို့သစ်မှာနေတာ။ မိုင်းကွဲတဲ့နေရာကတော့ မောင်မောင်ရွာနဲ့တစ်ဖက်တစ်ကမ်းမှာရှိတဲ့ တောင်မှာဖြစ်တယ်။ ဒီတော့ မိုင်းပေါက်ကွဲတဲ့နေရာက ကျွန်တော်ကိုယ်တိုင်သူ့ကို သယ်လာခဲ့တယ်”ဟုပြောသည်။
လက်ရှိအချိန်တွင် ဒဏ်ရာရရှိခဲ့သည့် ဒေါ်တိုးတိုးဝင်းအား ၂၈၉ တပ်ရင်းရှိ တပ်ဆေးရုံသို့ ဆေးဝါကုသမှုခံယူရန် ယူဆောင်သွားကြောင်း ၎င်းကဆက်ပြောသည်။
အဆိုပါမိုင်းပေါက်ကွဲမှုနှင့်ပတ်သတ်ပြီး ပလက်ဝရဲစခန်းမှူးက
“မိုင်းပေါက်ကွဲတာက ဟုတ်ပါတယ်။ ၂၈၉ တပ်ရင်းက ရဲဘော်ရဲ့မိန်းမ ရဲမေပေါ့။ ဒီတော့ တပ်က တပ်ဆေးရုံမှာပဲကုတယ်။ ဖြစ်တာက တပ်နယ်နိမိတ်အတွင်းမှာဆိုတော့ ကျွန်တော်တို့ကို တပ်က ဘာမှအကြောင်းမကြားဘူး။ ဒါကြောင့် ကျွန်တော်တို့လဲ ဘာမှအရေးယူဆောင်ရွက်တာမရှိသေးဘူး”ဟုပြောသည်။
Western News-WN
https://www.facebook.com/102405104899336/posts/210430610763451/