By RFA/ 2021 January 8
နီမင်းထွန်း

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းက ဘုရားပေါင်းနဲ့ တောင်ပေါက်ကျေးရွာက လူနေအိမ် ၁၈၀ ကျော် မီးရှို့ဖျက်ဆီးခံရမှုအတွက် တရားမျှတမှုရဖို့ ဒေသခံတွေက မျှော်လင့်နေပါတယ်။မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေမှာ နေထိုင်တဲ့ လူဦးရေ ၇၀၀ ကျော် စီးပွားရေးနဲ့ နေထိုင်ရေးအပါအဝင် အခက်အခဲ မျိုးစုံကြုံတွေ့နေရပါတယ်။ “နှစ်ကာလအများကြီး ကြိုးစားစုဆောင်းလာခဲ့တဲ့ စီးပွားရေးတွေ ပျက်စီးသွားတဲ့ အချိန်မှာ ပြန်စဖို့က အခက်အခဲတွေအများကြီးပါပဲ။ အဲဒါကြောင့် ဘယ်လိုလုပ်ရမယ် မှန်းတောင် မသိတော့ဘူးဖြစ်နေတယ်။ အားလုံးက ဝမ်းနည်းကြေကွဲနေကြတာပါပဲ ကိုယ့်ပစ္စည်းတွေ ဆုံးရှုံးပျက်စီးသွားတော့ လူတိုင်းလူတိုင်းက ခံစားကြရတာပေါ့”ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာက အသက် ၃၆ နှစ်အရွယ် ဦးမောင်ဌေးလှိုင်က ဆန်စက်ပိုင်ရှင် တစ်ဦးဖြစ်ပါတယ်။ ဒီအလုပ်နဲ့ပဲ သူရဲ့မိသားစုကို ရိုးရိုးသားသား လုပ်ကိုင်ရှာကျွေးလာခဲ့တာ ငါးနှစ်ကျော်ရှိပါပြီ။ အခုတော့ သူပိုင်တဲ့အရာအားလုံး လက်သည်မပေါ်ဘဲ မီးရှို့ဖျက်စီးခံလိုက်ရလို့ ယူကြုံးမရ ဖြစ်နေတာကို RFA ကိုရင်ဖွင့်ပြောပြပါတယ်။ “အများကြီးဆုံးရှုံးသွားတယ်။ လုပ်ငန်းတွေဆိုရင်လည်း ရပ်တန့်ပစ်လိုက်ရတယ်။ ကိုယ့်မှာရှိတဲ့အိမ်၊ အဝတ်အထည်တွေကအစ ဘာတစ်ခုမှမရှိတော့တဲ့အချိန်မှာ ခိုကိုးရာမဲ့သွားတယ်။ အဲဒါကြောင့် ဘာကို ဘယ်လိုလုပ်ရမယ်မှန်မသိအောင်အထိ ဘာမှမလုပ်တတ်ဘူးဖြစ်နေတယ်။ သူတို့ကို ကြောက်လည်း ကြောက်နေတယ်။ နောက်ထပ် ဒီလိုဖြစ်လာမှာကို ကြောက်ရင်းပြေးရင်းနဲ့တင် ကိုယ့်မှာရှိတဲ့ လယ်လုပ်ငန်း၊ ဟင်းခင်းလုပ်ငန်းတွေတောင် အခုအားလုံးရပ်ထားတယ်။ ကြောက်လို့ မလုပ်ရဲကြတော့ဘူး။ ကားလမ်းမအနားမှာ ဖြစ်တဲ့တွက် သူတို့က အချိန်မရွေး မရောက်လာနိုင်တယ်။ အဲဒါကြောင့် သူတို့လာရင် အခုလိုဖြစ်မှာကို စိုးရိမ်လို့ လုပ်လို့ကိုင်လို့လည်း မစားရဲကြတော့ဘူး”ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ဒီဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက် ကျေးရွာမှာ ပြီးခဲ့တဲ့စက်တင်ဘာ ၃ ရက်နေ့ညက လူနေအိမ်စုစုပေါင်း ၁၈၆ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ဘုရားပေါင်းကျေးရွာသားနှစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။မီးရှို့ခံလိုက်ရတဲ့အထဲမှာ ဘုရားပေါင်းကျေးရွာက လူနေအိမ် ၁၁၀ လုံးနဲ့ တောင်ပေါက်ကျေးရွာက လူနေအိမ် ၇၆ လုံးပါဝင်ပါတယ်။ဒီကျေးရွာက နေအိမ်တွေကို မီးရှို့တာဟာ တပ်မတော်သားတွေလို့ ရွာသားတွေက ပြောဆိုနေပြီး တပ်မတော်နဲ့ အစိုးရဘက်ကတော့ AA အဖွဲ့ကလုပ်ခဲ့တာလို့ ပြောနေကြတာပါ။တပ်မတော်ဘက်က စတင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာတွေကို AA က မီးရှို့ခဲ့တာဖြစ်ပြီး ရွာတွေအနီးမှာ ရက္ခိုင့်တပ်မတော် AA က မိုင်းသုံးလုံးဖောက်ခွဲခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။အဲဒီထုတ်ပြန်ချက်ထဲမှာ အရပ်ဝတ်နဲ့ AA အဖွဲ့ဝင်နှစ်ဦး၊ သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထည့်သွင်းရေးထားပါတယ်။“ အဲဒီနေ့က ကျောက်တော်ဘက်ကနေ တပ်မတော်သားတွေ ၅၀၊ ၆၀ လောက်လာပါတယ်။ သူတို့က ရွာဦးမှာစုနေတယ်။ ပြီးတော့ စစ်တွေဘက်ကလည်း ကား လေးစီး၊ ငါးစီးလာပါတယ်။ ဆီကားတွေ၊ မီးကွင်းတွေကအစ အားလုံးပါပါတယ်။ ပြီးတော့ ကျွန်တော့အိမ်ရှေ့မှာရပ်ပါတယ်။ သူတို့ရောက်လာတုန်းက ကျွန်တော်အိမ်ထဲမှာ ရှိပါတယ်။ အိမ်ရှေ့ကပြတင်းပေါက်ကို ပိတ်ထားတယ်။ မီးလင်းတာကိုမြင်တော့ ကျွန်တော့်အမျိုးသမီးက ပြတင်းပေါက်ကိုဖွင့်ပြီး သွားကြည့်တဲ့အခါမှာ ဆိုင်ကယ်နှစ်စီးနဲ့ လယ်ထွန်စက်ကို မီးရှို့ပစ်လိုက်လို့ပြီးပြီ။ မင်းတို့ ဒါကိုဘာလို့မီးရှို့တာလဲ။ ဒါကိုမီးရှို့လို့ မင်းတို့ဘာအကျိုးရှိမှာလဲလို့ ကျွန်တော် သူတို့ကိုပြောတော့ ခင်ဗျားကိုပစ်မယ်ပြောပြီး သေနတ်ကိုမောင်းတင်ပြီး အပေါ်ကိုပစ်တယ်။ အဲဒါကြောင့် ကြောက်လို့ ဒီဘက်ပြတင်းပေါက်ကနေ အကုန်လုံးထွက်ပြေးတာပါ။”“သူတို့ကဗမာစစ်သားတွေ။ သူတို့က ကျောပိုးအိတ်တွေနဲ့ ပစ္စည်းတွေ အပြည့်အစုံယူပြီးတော့ သူတို့ဟာ ကိုယ့်လမ်းကြားနဲ့ကိုယ် နှစ်ယောက်တစ်ပူး၊ သုံးယောက်တစ်ပူး၊ လေးယောက်တစ်ပူး တိုက်ရိုက် အိမ်တိုင်းကိုဝင်တယ်။ အိမ်တိုင်းကိုဝင်တဲ့အခါ ကျွန်တော်တို့လည်း အိမ်မှာပုန်းလို့ခိုလို့နေတာ။” “ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာကနေ အိမ်တွေ မီးလောင်မှုမှာ ကျူးလွန်ခဲ့သူတွေကို ဒေသခံတွေ လက်ခံနိုင်တဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဖော်ထုတ်နိုင်တာ မရှိသေးပါဘူး။ အလားတူ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေမှာ နေထိုင်သူတွေကလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရဆဲပါ။”ဒီရွာနှစ်ရွာ မီးလောင်ခဲ့မှုအပေါ် လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားထားပေမယ့် အကြောင်းမထူးဘူးလို့ ဒေသခံ ကိုယ်စားလှယ်က ယူဆပါတယ်။“ဒီဖြစ်စဉ်တွေမှာ တပ်မတော်က ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့က တင်ပြတယ်။ လူ့အခွင့်အရေး ကော်မရှင်က တပ်မတော်ကို လှမ်းမေးတယ်။ တပ်မတော်က ဖြေတဲ့အဖြေကို ကျွန်တော်တို့ဆီကို လှမ်းပို့တယ်။ ဒီလိုပဲဖြစ်နေတာပေါ့။ လူ့အခွင့်အရေး ချိုးဖောက်ပါတယ်ဆိုတဲ့သူတွေကို ခင်ဗျားတို့ချိုးဖောက်လား။ မချိုးဖောက်ဘူးလား သွားမေးပြီးတော့မှ ဖြေတဲ့အဖြေမျိုး ဖြစ်နေတာပေါ့။ တကယ့်မြေပြင်အခြေအနေနဲ့ကိုက်ညီတဲ့ ကျေနပ်လောက်တဲ့အဖြေမျိုး ကျွန်တော်တို့မရဘူး”ကျေးရွာတွေ မီးရှို့ခံရတာကို တိုင်ကြားမှုနဲ့ ပတ်သက်ပြီး အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ စစ်ရေးပဋိပက္ခကာလအတွင်း အခုလိုမီးရှို့ဖျက်စီးခံရတဲ့နေအိမ်ပေါင် ၂၀၀၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ပြောပါတယ်။“မီးရှို့ခံလိုက်ရတဲ့အရေအတွက်က ကျွန်တော်တို့ REC က ကောက်ယူထားတဲ့ စာရင်းတွေ အရပေါ့နော် ၂၀၀၅ အိမ်ရှိတယ်။ ဒါက ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့အထိပေါ့။ အဲဒါက ရွာပေါင်း ၄၀ ကျော်က နေအိမ်တွေပေါ့နော်။ အဲဒီမှာတစ်နေရာနဲ့ တစ်နေရာမတူဘူး အကုန်လုံးက မီးရှို့ခံရတာမဟုတ်ဘူး။ တချို့က မီးရှို့ခံလိုက်ရတဲ့ နေအိမ်တွေရှိတယ်။ တချို့ကတော့ လေကြောင်းက တိုက်ခိုက်ပြီးတော့ မီးလောင် သွားတာ ရှိတယ်။ တချို့က လက်နက်ကြီးထိပြီးတော့ မီးလောင်တာရှိတယ်။ ပုံစံအမျိုးမျိုးပဲ”မီးရှို့ဖျက်စီးခံလိုက်ရတဲ့ နေအိမ်တွေအတွက် အစိုးရက ထောက်ပံ့ပေးမှုက အလွန်နည်းနေကြောင်း ဦးဇော်ဇော်ထွန်းက ဆိုပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ နေအိမ်တွေ မီးရှို့ဖျက်စီးခံလိုက်ရတဲ့သူတွေအတွက် လုံလောက်တဲ့ အကူအညီပေးဖို့ လိုသလို အခုလိုမျိုးထပ်မဖြစ်အောင် လက်နက်ကိုင်နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းရေးရအောင် ကြားဝင်စီစပ်ပေးသင့်တယ်လို့လည်း သူကထောက်ပြပါတယ်။အစိုးရအနေနဲ့တော့ အခုလိုမီးရှို့ခံလိုက်ရတဲ့နေအိမ်တွေကို ထောက်ပံ့ပေးဖို့ စာရင်းကောက်ခံနေဆဲဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။“ကျောက်တော်မှာတော့ အိမ်လေးဆယ် စပြီးတော့ဆောက်တယ်ပေါ့နော်။ နောက်ထပ်လည်း ဒါမျိုးဖြစ်တဲ့နေရာတွေရှိတယ်ဆိုတာ သိအတဲ့အတွက်ကြောင့် စာရင်းဇယား စတင်ကောက်ဖို့စေခိုင်းထားတယ်။ ထောက်ပံ့ဖို့ဆိုတာကလည်း တိုက်ပွဲတွေဆက်ဖြစ်လာရင်တော့ လုပ်ဖို့က အခက်အခဲဖြစ်မယ်လေ။ နယ်မြေအေးမယ်ဆိုလို့ရှိရင်တော့ ဒါကိုပြည်ထောင်စုနဲ့ ညှိနှိုင်းပြီးတော့ ငွေကြေးဘယ်လောက်ကျမလဲ။ ဘယ်လောက်ထောက်ပံ့မလဲ။ ဒါတွေကတော့ ပြည်ထောင်စုကိုတင်ပြပြီးတော့မှ ကျွန်တော်တို့ ပြည်နယ်က ဘယ်လောက် ကျခံနိုင်တယ်။ ပြည်ထောင်စုက ဘယ်လောက်ကျခံပေးနိုင်မလဲ။ အဲဒါတွေကို မေးမြန်းပြီတော့မှ တိတိကျကျပြောလို့ရမယ်။ အခုက စာရင်းဇယား ကောက်ခံဆဲပဲ”အခုလက်ရှိတော့ ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာက မီးလောင်သွားတဲ့ နေရာမှာ အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ နေအိမ်အသစ်တချို့ ဆောက်လုပ်နေတာတွေရှိပါတယ်။ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိတဲ့ နေအိမ်စုစုပေါင်းအရေအတွက် ၄၀ ကို ဒီအဖွဲ့အစည်းတွေ အကူအညီနဲ့ ဆောက်လုပ်ပေးနိုင်ပြီဖြစ်ပေမယ့် မီးလောင်သွားတာက အိမ်ခြေ ၁၈၀ ကျော်တဲ့အတွက် ဆုံးရှုံးသွားသူတိုင်း ထိရောက်တဲ့ ကုစားမှုကို မရကြပါဘူး။နေအိမ်မရသေးသူတွေကတော့ မီးလောင်ပြင်နေရာကို ရှင်းလင်းပြီး ယာယီတဲအိမ်တွေ ထိုးပြီးနေနေကြပါတယ်။ဒေသခံရွာသားတွေကတော့ သူတို့ရဲ့ ဆုံးရှုံးမှုတွေအတွက် ထိရောက်တဲ့ ကုစားမှုနဲ့ တရားမျှတမှုကို လိုချင်တယ်လို့ ပြောဆိုကြနေပါတယ်။
https://www.facebook.com/39218993127/posts/10160683898463128/