By The Standard Time Daily/ 2021 January 4
ဖမ်းဆီးထားသည့် AA အဖွဲ့ဝင်များနှင့် ရခိုင်နိုင်ငံရေးသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် AA အဖွဲ့၏ တောင်းဆိုမှုသည် အလေးနက်ထားစဉ်းစားရမည့်ကိစ္စရပ်ဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ဆိုသည်။
“ဒါကတော့ အုပ်ချုပ်ရေးပိုင်းကလုပ်ရမယ့်ကိစ္စပါ။ လုံခြုံရေးပိုင်းရဲ့ စိစစ်သုံးသပ်ချက်ပေါ်မူတည်ပြီး အုပ်ချုပ်ရေးပိုင်းက ဆုံးဖြတ်ရမှာပါ။ ကျွန်တော်တို့က ပါတီပိုင်းဆိုင်ရာဆိုတော့ ဒီနေရာမှာ အထူးတောင်းဆိုချက်တွေလုပ်ဖို့တော့ မရှိပါဘူး။ ဖမ်းဆီထားတဲ့သူတွေနဲ့ အလဲအလှဲလုပ်တယ်ဆိုတဲ့ သဘောထားကတော့ မကောင်းဘူးပေါ့လေ။ သို့သော်လည်း သူတို့ရဲ့တောင်းဆိုချက်တိုင်းကတော့ ဘာပဲဖြစ်ဖြစ် အလေးနက်ထားပြီး စဉ်းစားရမယ့် ကိစ္စတော့ ဟုတ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့် က ဆိုသည်။
ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်နိုင်ငံရေးသမားများ၊ အပြစ်မဲ့ပြည်သူများနှင့် အခြေအနေအမျိုးမျိုးတွင် ဖမ်းဆီးခံနေရသည့် AA အဖွဲ့မှ အဖွဲ့ဝင်များကို NLD အစိုးရက ငြိမ်းချမ်းရေးကိုရှေးရှု၍ အပြန်အလှန်တုံ့လှယ်သောမေတ္တာတရားနှင့် သဘောထားကြီးမားစွာ အမြန်ဆုံးပြန်လွှတ်ပေးရန်လိုလားကြောင်း AA အဖွဲ့က ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၄ ရက်က AA အဖွဲ့အနေဖြင့် တောင်ကုတ်မြို့နယ် NLD ပါတီဝင်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၇၉ ရက်အကြာ ဇန်နဝါရီ ၁ ရက်၌ အဆိုပါ ပါတီဝင်သုံးဦးတို့ကို စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ဘေးကင်းလုံခြုံစွာ ခေါ်ဆောင်ပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများထံသို့ နယ်မြေခံတပ်ဌာနချုပ်ရိပ်သာ၌ လွှဲပြောင်းပေးအပ်ခဲ့သည်။
သတင်း – မိုးသိမ့်နိုင်ဓာတ်ပုံ – ကျော်ကျော်
https://www.facebook.com/599363770175581/posts/3327647890680475/