By ဆောင်းဇာခြည်/ Narinjara/ 2021 January 6

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ လမူးကျေးရွာမှ သစ်အရောင်းအဝယ်လုပ်သူတစ်ဦးကို အမည်မသိလူ တစ်စုက ဇန်နဝါရီလ ၄ ရက်နေ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူမှာ လမူးကျေးရွာ၊ အမှတ် (၅) ရပ်ကွက်မှ အသက် ၃၆ နှစ်အရွယ် ဦးချစ်မျိုးဦးဖြစ်သည်။၄င်းကို ဇန်နဝါရီလ ၄ ရက်နေ့ ညဉ့် ၁၁ နာရီခန့်က ဆိုင်ကယ်စီးပြီးလာသည့် လူ ၆ ဦးခန့်က နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း လမူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးက ပြောသည်။“ညအချိန်လောက်မှာ အရပ်ဝတ်တွေနဲ့ လူ ခြောက်ယောက်လောက်က လာပြီး သူ့ကို လာခေါ်တယ်။ သူက အိမ်ပေါ်က မဆင်းဘူး။ မဆင်းတော့ သူ့အိမ်ကို ဝိုင်းထားကြတယ်ပေါ့။ အဲဒီမှာ အိမ်ပေါ်ကမဆင်းရင် အပေါ်တက်လာမှာလို့ အဲဒီလူတွေက ပြောတော့ ချစ်မျိုးဦးက အိမ်ပေါ်က ဆင်းပြေးတယ်။ ဆင်းပြေးတော့ သူ့မိန်းမက လူတွေကို အော်ခေါ်တယ်။ အဲဒီမှာ ဆင်းပြေးတော့ အောက်က ဖမ်းသွားတာ ” ဟု နိရဥ္စရာသို့ ပြောသည်။အဆိုပါ လူ ၆ ဦးခန့်မှာ အရပ်ဝတ်များ ဝတ်ဆင်ထားပြီး တုတ်ချောင်းများနှင့် ဓါးများကိုလည်း ကိုင်ဆောင်ထားကြောင်း ဦးမြင့်ဌေးက ပြောသည်။“ချစ်မျိုးဦးတို့က တောနက်ထဲက သစ်တွေကို ခုတ်တယ်၊ ခိုးသစ်တွေကိုပေါ့။ ပြီးရင် သစ်ကို အချောလုပ်တယ်။ အလုပ်သမားနဲ့ လုပ်တာပေါ့။ ပြီးရင် ရောင်းတယ်။ အဖမ်းမခံရခင်က သူနဲ့အတူ သစ်လုပ်တဲ့ တစ်ယောက်နဲ့ စကားများကြတယ်လို့ သိရပါတယ်။ သူတို့မှာ ငွေရေးကြေးရေး အချေအတင်ဖြစ်တာလို့ ထင်ပါတယ်။ သုံးသပ်ရသလောက်ကတော့ အဲဒါနဲ့ ဆက်စပ်တယ်ပေါ့။ ရဲနဲ့ တပ်က လာဖမ်းတာလည်း မဟုတ်ဘူး။ တခြားလက်နက်ကိုင်တွေက လာဖမ်းတာလို့ သုံးသပ်ရအောင်လည်း ချစ်မျိုးဦးက သတင်းတွေဘာတွေ ပေးလို့ ဖမ်းတာမျိုးလည်း မဖြစ်နိုင်ဘူး။ အဖွဲ့အစည်းတွေ ဝင်ထားတာတို့လည်း မရှိဘူးလေ” ဟု ဦးမြင့်ဌေးက ဆက်ပြောသည်။လက်ရှိတွင် ဦးချစ်မျိုးဦးအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း၊ ယင်းနေ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် အဆိုပါ လူ ၆ ဦးခန့်မှာလည်း ယင်းကျေးရွာအနီးပတ်ဝန်းကျင်မှ မဟုတ်ဘဲ လူစိမ်းများဖြစ်သည်ကို ဦးချစ်မျိုးဦး၏ ဇနီးပြောပြချက်အရ သိရကြောင်း ဦးမြင့်ဌေးက ပြောသည်။ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးချစ်မျိုးဦး၏ ဇနီးဖြစ်သူနှင့် အဆက်သွယ်ရရန် ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ဦးမျိုးချစ်ဦး၏ ဆွေမျိုးတော်စပ်သူလည်းဖြစ်သည့် ဦးတုတ်ဖြူ၏ ဇနီး ဒေါ်ခင်ပန်းရီက “ကြားတာကတော့ လူ ငါးယောက် ခြောက်ယောက်လောက်က သူ့အိမ်ကိုဝိုင်းပြီးတော့ သူ့ကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ ဘယ်ကိုခေါ်သွားမှန်းတော မသိဘူးပေါ့နော်” ဟု နိရဥ္စရာသို့ ပြောသည်။ဦးချစ်မျိုးဦးအား ထိုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်ပြီး မိသားစုဝင်များက လမူးရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။ထိုကိစ္စနှင့်ပတ်သက်ပြီး လမူးရဲစခန်းသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။လမူးကျေးရွာအနီးရှိသည့် ပဒါကျေးရွာမှ အသက် ၃၁ နှစ်အရွယ် ဦးအောင်လွင်ကိုလည်း ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက တောင်ကုတ်မြို့ရှိ CB ဘဏ်မှ လာစဉ် လမ်းတွင် မျက်နှာဖုံး စွပ်ထားသည့် လူ ၅ ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပေါ်ခဲ့သည်။ယင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယခုအချိန်အထိ ဦးအောင်လွင်၏ သတင်းတစ်စုံတစ်ရာ မကြားရသေးကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။
https://www.facebook.com/151742128171206/posts/3935938893084825/