တောင်ကုတ်တွင် တရားမဝင်သစ်အများအပြားဖမ်းဆီးရမိပြီးနောက် သစ်တောဌာနမှ ဝန်ထမ်း ၁၃ ဦးကို နေရာပြောင်းရွှေ့

By Development Media Group / January 27 / 2021

ခင်သရဖီဦး | DMGဇန်နဝါရီ ၂၇ ၊

စစ်တွေရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက်နေ့က တရားမဝင်သစ် အများအပြားဖမ်းဆီးရမိခဲ့ပြီးနောက် မြို့နယ်သစ်တောဦးစီးအရာရှိအပါအဝင် ဝန်ထမ်း (၁၃)ဦးကို နေရာအပြောင်းအရွှေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၊ အနောက်ဘက်ပင်လယ်ပြင်နှင့် ဆက်စပ်မြစ်ချောင်းများအတွင်းရှိ နေရာများမှ ရတနာ တန်းဝင်ကျွန်းသစ် ၃၆၀ တန်၊ ပိတောက်၊ ကညင်နှင့် အခြားသစ်များစုစုပေါင်း ၃၆၂၉ ဒသမ ၄၅ တန်ခန့် (ငွေကျပ်တန်ဖိုး ၇ ဒသမ ၈ ဘီလီယံခန့်)နှင့် အလျား ၂၀၀ ပေအထက်ရှိ သင်္ဘောကြီး တစ်စီးအပါအဝင် သဘောၤ၊ စက်လှေ ၁၂ စီး၊ လူ ၆၁ ဦးတို့ကို အောက်တိုဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၂၃ ရက်နေ့ထိ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သစ်တန်ချိန်အများအပြားဖမ်းဆီးရမိခြင်းကြောင့် ဝန်ထမ်းများလုံခြုံရေးအခြေအနေကို စိုးရိမ်သည့်အတွက် အပေါ်မှပြောင်းရွှေ့ပေးခြင်းဖြစ်နိုင်ကြောင်း အပြောင်းအရွှေ့တွင်ပါဝင်သည့် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးမျိုးဆွေသိန်းက ပြောသည်။

“ကျန်တဲ့ဟာတွေကြောင့်တော့မထင်ပါဘူး၊ တပ်မတော်စစ်ကြောင်းနဲ့ပူးပေါင်းပြီးတော့သွားတာ၊ ခြိမ်းခြောက် ခံရတာ ဝန်ထမ်းတွေမှာလည်းရှိနေတာပဲ၊ လုံခြုံရေးအခြေအနေက တော်တော်များများစိတ်မချရဘူးလေ” ဟု ဦးမျိုးဆွေသိန်းက ဆိုသည်။ဦးမျိုးဆွေသိန်းမှာ မိမိလုံခြုံရေးအခြေအနေကိုစိုးရိမ်သည့်အတွက် နေရာပြောင်းရွှေ့ပေးရန် တင်ပြခဲ့ ကြောင်းလည်း ပြောသည်။

“ကျွန်တော့်ကို တိုက်ရိုက်တော့မခြိမ်းခြောက်ဘူးခင်ဗျ၊ ဒါပေမဲ့ ကျွန်တော်ကားနဲ့သွားရင် ကားရှေ့က ဆိုင်ကယ်တွေနဲ့ပိတ်တာတို့၊ ဆိုင်ကယ်ပိတ်ရပ်ပြီးတော့ ပြဿနာရှာတဲ့ပုံစံမျိုးလုပ်တာတို့” ရှိသည်ဟု ၎င်းက ဆိုသည်။ယခုအပြောင်းအရွှေ့တွင်ပါဝင်သည့် သစ်တောဝန်ထမ်းအချို့မှာ ပြောင်းရွှေ့ရန်စာတင်ခဲ့ခြင်းမရှိသော်လည်း ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အလုပ်နေရာပြောင်းရွှေ့ရန် ညွှန်ကြားချက်ကျလာသည့်အတွက် ပြောင်းရွှေ့ ရခြင်းဖြစ်ကြောင်း သိရသည်။

အပြောင်းအရွှေ့တွင်ပါဝင်သည့် သစ်တောအုပ်ကြီး ဦးမင်းနိုင်က “ညွန်မှူးကအော်ဒါထွက်တော့ ကျွန်တော်တို့ ပြောင်းရတာပဲ၊ ကျွန်တော်ထင်ပါတယ် သစ်ဖမ်းတာဆီးတာလည်း ဝန်ထမ်းတွေအကုန်လုံးလိုက်ပါရတာကို၊ သယ်တာဖမ်းတာအစ ကျွန်တော်တို့ပါနေတာကြောင့် တချို့ကလည်း အမြင်စောင်းပြီးတော့မှ ကျွန်တော်တို့ အတွက် စိုးရိမ်ရတာကြောင့် လူကြီးတွေကစီစဉ်တာပဲလို့ထင်ပါတယ်” ဆိုသည်။

ယခုကဲ့သို့ သစ်တောဌာနမှဝန်ထမ်းများကို ပြောင်းရွှေ့ခြင်းအပေါ် တောင်ကုတ်မြို့မှ အမည်မဖော်လိုသည့် လူငယ်တစ်ဦးကမူ “သစ်တွေပမာဏာအများကြီးကို မသိဟန်ဆောင်ပြီးလွှတ်ပေးထားတော့ ဗဟိုနဲ့ စစ်တပ် ပေါင်းပြီးဖမ်းသွားတာပေါ့။ ဆိုတော့ သူတို့ကိုအပြစ်လျော့ပြီးတော့ အပြောင်းအရွှေ့ပုံစံမျိုးပဲ လုပ်လိုက်တာ ဖြစ်တယ်လို့သိရတယ်” ဟု ဆိုသည်။

တောင်ကုတ်မြို့နယ်မှ သစ်တောဝန်ထမ်းများ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွင်အား ဆက်သွယ်မေး မြန်း ခဲ့ရာ ယင်းကိစ္စအား ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းရန်လမ်းညွှန်သည်။

ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကမူ အဆိုပါသတင်းမှာ ၎င်းထံသို့ မရောက်ရှိကြောင်း DMG ၏ မေးမြန်းမှုကိုတုန့်ပြန်သည်။တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအပြောင်းအရွှေ့ပြုလုပ်သည့်ရာတွင် မြို့နယ်ဦးစီးအရာရှိ၊ တောအုပ်ကြီး၊ တောအုပ်ခေါင်း၊ တောအုပ် စသည့်ရာထူးရှိသူများပါဝင်ကြောင်း သံတွဲခရိုင်သစ်တောရုံးမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း တရားမဝင်သစ်တန်ချိန် ငါးထောင်ကျော်(စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းလေးထောင်)ခန့် သိမ်းဆည်းရရှိခဲ့ပြီး တောင်ကုတ်မြို့နယ်မှ ဖမ်းဆီးရရှိမှုမှာ အများဆုံးဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းအရသိရသည်။

https://www.facebook.com/466648543487562/posts/1930551377097264/

Leave a Reply

Your email address will not be published.