တိုက်ပွဲအတွင်းဖမ်းဆီးရမိထားသည့် မြန်မာ့တပ်မတော်သား ၃ ဦးကို အေအေပြန်လွှတ်ပေး

By DVB/ January 1/ 2021

တိုက်ပွဲကာလအတွင်း အေအေက ဖမ်းဆီးရမိထားတဲ့ မြန်မာ့တပ်မတော် စစ်သည် ၃ ဦးကို ဒီကနေ့ ဇန်နဝါရီလ  ၁ ရက်နေ့မနက်က ပလက်ဝရှိ  မြန်မာစစ်တပ်လက်ခံရေးအဖွဲ့ထံ ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော်က ပြောပါတယ်။  မြန်မာ့တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃  တပ်ရင်းက အရာခံဗိုလ် ဦးမြင့်အောင်၊ တပ်သား နန်းဝင်းမောင်နဲ့ တပ်သား ဝေလင်းအောင်တို့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပြီး သူတို့ ၃ ဦးဟာ ၂၀၁၉ ခုနှစ်  နိုဝင်ဘာ ၁၉ ရက်နေ့က ပလက်ဝမြို့နယ် ပုန်းညှက်ဝရွာအနားမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အေအေက ဖမ်းဆီးရမိထားတဲ့ မြန်မာစစ်သည်တွေအထဲက အသက်ကြီးနေသူတွေ ကျန်းမာရေးဆိုးရွားနေသူတွေနဲ့ ဒဏ်ရာရသူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ ထပ်ပြီး လွှတ်ပေးသွားမယ်လို့လည်း  ရက္ခိုင့်တပ်တော် အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။  “နောက်ထပ်လွှတ်ပေးဖို့ စီစဉ်ထားတာကတော့  မြန်မာစစ်တပ်ဘက်က ကျနော်တို့ တိုက်ပွဲကာလတွေမှာ ဖမ်းဆီးရမိထားတဲ့သူတွေအထဲက  အသက်ကြီးပြီးတော့မှ နာမကျန်းဖြစ်နေသူတွေ၊ နောက် နဂိုကျန်းမာရေးအခံချို့ယွင်းပြီးတော့မှ  အခုလက်ရှိမှာလည်း ကျန်းမာရေးအခြေအနေ ပိုပြီးတော့ ဆိုးရွားလာသူတွေ၊  နောက်ပြီးတော့ တိုက်ပွဲကာလတွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့လူတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့   နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလမှာ ငြိမ်းချမ်းရေးဖြစ်စဉ်  ဖြစ်ပေါ်တိုးတက်မှု ရလဒ်အပေါ်မူတည်ပြီး  ကျနော်တို့လက်ထဲမှာ ဖမ်းဆီးရမိ ထိန်းသိမ်းထားတဲ့ မြန်မာစစ်သားတချို့ကို ပြန်လွှတ်ပေးမှာဖြစ်ပါတယ်”။ ULA/AA  ရခိုင်လက်နက်ကိုင်အဖွဲ့ဥက္ကဋ္ဌနဲ့ တပ်မတော်ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဒီဇင်ဘာလ ၃၀ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ ရလဒ်အရ ခုလိုလွှတ်ပေးလိုက်တာလို့လည်း ပြောပါတယ်။  

https://www.facebook.com/191574990881009/posts/3899701596734978/

Leave a Reply

Your email address will not be published.