By Narinjara / January 28 / 2021
သျှင်မင်းဇံ နိရဉ္စရာ ၊ ဇန်နဝါရီ ၂၈/ ၂၀၂၁

နှစ်နှစ်တာ တိုက်ပွဲဖြစ်ပွားနေခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၌ ပွဲလမ်းသဘင်များ မကျင်းပဖြစ်ခဲ့သည်မှာ နှစ်နှင့်ချီကြာနေပြီဖြစ်သည်။ ယင်းကြောင့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာ၊ မေယုပဌမပြန်စာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်ကြီးဖြစ်တော်မူသည့် နိုင်ငံတကာသာသနာပြု (ဓမ္မကထိက)၊ မြို့နယ်သံဃာ့နာယကအဖွဲ့ (ဒုတိယဥက္ကဋ္ဌ) ဘဒ္ဒန္တ အာစရရံသီ၏ အန္တိမအဂ္ဂိစျာပန သာဓုကိဠနပူဇာပွဲတော်(ကြွင်းကျန် ရုပ်ကလပ်တော်)အား မီးပူဇော်ပွဲကို လူသောင်းချီလာရောက် ဖူးမြော်ခဲ့ကြောင်း သိရသည်။
ဆရာတော်ကြီး၏ စျာပနာဖြစ်မြောက်ရေးကော်မတီဝင် ဦးခင်မောင်ဝင်းက “ကျွန်တော် ဒီဖက်မှာက တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ဆရာတော်ကြီး စျာပနာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ (၃၁) ရက်နေ့မှာ ဓမ္မသဘင်ပွဲ တစ်ရက် ၊နှစ်ရက်ကျင်းပပြီး မီးသင်္ဂြိုလ်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ တိုက်ပွဲတွေလည်း မဖြစ်တဲ့အတွက်အချိန်တစ်ခုထိ စောင့်ကြည့်ကြမယ်။ အခြေအနေကောင်းရင် စျာပနာပွဲကို ဒုံးတိုက်ပြီး ခမ်းခမ်းနားနားကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုး ကျင်းပရတာပါလို့ နရိဉ္စရာ သတင်းဌာနကိုပြောသည်။
ဆရာတော်ကြီး၏ စျာပနပွဲကို အနီးအနားကျေးရွာများနှင့် အနယ်အရပ်ရပ်က လူပေါင်း နှစ်သောင်းကျော်ခန့်လာရောက်ဖူးမြော်ခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။“လူတွေက ပွဲတွေ မမြင်ဖူးတာ နှစ်အတော်ကြာခဲ့ပြီးလေ။ ပွဲငတ်နေတဲ့အတွက် ဆရာတော်ဘုရားစျာပနပွဲကို အခုလို လူတွေ သောင်းနဲ့ချီလာကြတာပါ။ ကျွန်တော် ပွဲလာသူတွေကို ပွဲခင်းဝင်ဝမှာ mask ပေးတဲ့ပြီးတော့ လက်သန့်ဆေးနဲ့ လက်ဆေးခိုုင်းပါတယ်ဗျ” စျာပနဖြစ်မြောက်ရေးကော်မတီဝင် ဦးခင်မောင်ဝင်းက ပြောသည်။ဆရာတော်ရုပ်ကလပ်တော်အား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၇ နာရီခန့်က စေတီပြင်ကျေးရွာ အနောက်ဘက်ရှိ ဆရာတော် သုဿာန်၌ ဒုံး အလုံး ၄၀၀ ပူဇော်ခဲ့ပြီးနောက် မီးသင်္ဂြိုဟ်ခဲ့သည်။
ဆရာတော်ကြီးသည် လွန်ခဲ့သည် (၄) နာရီခန့်ကပင် လေဖြတ်ရောဂါ ဝေဒနာကိုခံစားနေရပြီး စစ်တွေဆေးရုံကြီးနှင့် ရန်ကုန်အင်းစိန် ကြွယ်မက ဆေးရုံကြီးတို့၌ တက်ရောက်ကုသမှုခံယူခဲ့ပြီး တစ်နှစ်ခန့်အကြာတွင်ဆရာတော်သီတင်းသုံးနေထိုင်တော်မူနေသော စေတီပြင် ဘုန်းတော်ကြီးကျောင်း၌ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။ ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၇၆) နှစ်၊ ဝါတော် (၅၆) ဝါ ရှိပြီဖြစ်သည်။ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။
ဆရာတော်ကြီးလျောင်းလျာအား ရသေ့တောင်မြို့နယ် လွိုင်ဂေါ် (ခေါ်) နွားလားကျော်ကျွေးရွာနေ ခမည်းတော် ဦးဘောသဦးနှင့် မယ်တော် ဒေါ်စံမြဦးတို့က ၁၃၀၆ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ခရစ်နှစ်၁၉၄၄ ခုနှစ် မေလ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်တော်ခဲ့ပြီး မွေးချင်းခြောက်ဦးအနက် ပဉ္စမမြောက် သားကောင်းရတနာဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဆရာတော်ဘုရားကြီး၏ အရိုးပြာအား စေတီပြင်ကျွေးရွာ၏ ပထမဦးဆုံး ကျောင်းထိုင်ဆရာတော်ကြီး ဦးဉာဏအရိုးဂူတည်ထားသည့် လျောင်းတော်မူ ဘုရားကွင်းအတွင်း အရိုးပြာဂူသွင်းထားမည်ဖြစ်ကြောင်းသိရသည်။
https://www.facebook.com/151742128171206/posts/4000450119967035/