By RFA/ 2021 January 6
ဇာဏီထွဏ်း၊ အောင်သိင်္ခ

(ပုံစာ- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ကိုဘုန်းမြင့်ကျော်)
■ ရခိုင်ပြည်နယ်က တိုက်ပွဲတွေရပ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့လို့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ မန္တလေးမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကျောင်းသား စုစုပေါင်း ၁၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလက မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ စစ်ဆန့်ကျင်ရေး လှုပ်ရှားခဲ့လို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီ ၅ ရက်နေ့မှာ အောင်မြေသာဇံမြို့နယ် အမှတ် ၅ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာလို့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။ကိုဘုန်းမြင့်ကျော်ဟာ ဖမ်းဝရမ်းအထုတ်ခံထားရတာကြောင့် သူနေတဲ့ ပျော်ဘွယ်ကနေ မန္တလေးမှာ တိမ်းရှောင်နေတာပါ။ ကိစ္စတစ်ခုနဲ့ အပြင်သွားရင်း ရဲတပ်ဖွဲ့ဝင်တွေက လမ်းမှာပိတ်ပြီးဖမ်းလိုက်တာလို့ ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။“အသိတစ်ယောက်ဆီသွားနေတုန်း လမ်းမှာ ကားနဲ့ပိတ်ပြီးဖမ်းတယ်လို့ ကြားပါတယ်။ သူကတော့ ဆိုင်ကယ်နဲ့ သွားတာပေါ့။ လမ်းကနေ ကားနဲ့ ပိတ်ဖမ်းတာပေါ့။ အမြဲတမ်းနေတာကတော့ ပျော်ဘွယ်မှာပေါ့။ အခုက မန္တလေးမှာ။ သူ့ကို ဝရမ်းထုတ်ထားလို့ ရှောင်နေတာဖြစ်တော့ သူဘယ်မှာနေလဲတော့ မပြောတတ်ဘူး”ကိုဘုန်းမြင့်ကျော်ဟာ ဗကသ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သလို ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်။ကိုဘုန်းမြင့်ကျော်ကို ဒီနေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ အောင်မြေသာစံ တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ အမရပူရမြို့နယ် တရားရုံးမှာလည်း တရားစွဲထားတာ ရှိတဲ့အတွက် ရုံးထုတ်စစ်ဆေးအပြီးမှာ အမရပူရကို ဆက်ပြီးခေါ်သွားပါတယ်။ အောင်မြေသာစံမြို့နယ် တရားရုံးက ဇန်နဝါရီ ၁၂ ရက်မှာ ရုံးချိန်းထပ်ခေါ်ထားပါတယ်။ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) (ခ) နဲ့ ငြိမ်းစုစီပုဒ်မ ၁၉ တို့ နဲ့ တရားစွဲဆိုထားတာလို့ ကျောင်းသားတွေက ပြောပါတယ်။အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲတပ်ဖွဲ့ကို RFA က ဒီနေ့ ညနေ ၄ နာရီ ခွဲခန့်အချိန် ဆက်သွယ်ရာမှာ တာဝန်ကျရဲအရာရှိက ကိုဘုန်းမြင့်ကျော်ကို ရဲစခန်းမှာ ထိန်းသိမ်းထားတာမရှိကြောင်းနဲ့ အဖမ်းခံထားရတယ် ဆိုတဲ့ကိစ္စကို မသိကြောင်း ပြောပါတယ်။ကိုဘုန်းမြင့်ကျော်လိုပဲ ဝရမ်းထုတ်ခံရလို့ တိမ်းရှောင်နေရတဲ့ ရတနာပုံကျောင်းသားများ သမဂ္ဂက မအိမွန်ခင် ကတော့ ကျောင်းသားတွေကို အခုလိုဖမ်းပြီး နှစ်ရှည်ထောင်တွေ ချနေသရွေ့ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဦးမယ်လို့ ပြောပါတယ်။“အိမ်ကိုတော့ ဝရမ်းစာ ရောက်မလာဘူးပေါ့။ တရားရုံးမှာတော့ အမှုစွဲဆိုထားတာ ရှိတယ်ရှင့်။ ညီမလည်း အိမ်မှာတော့ မရှိဘူးပေါ့။ တနေရာတော့ ရှောင်နေတယ်ရှင့်။ ကျောင်းသားတွေက ဘာဝါဒတွေကိုမှ စွဲကိုင်နေတာမဟုတ်ဘူး။ ဖိနှိပ်ခံလူတန်းစားတွေအတွက် တောင်းဆိုနေကြတာပေါ့လေ။ ကျောင်းသားတွေကို နှစ်ရှည်လများ စွဲထားနေသရွေ့ကတော့ သူတို့ပြောတဲ့ ဒီမိုကရေစီဆိုတာတော့ ရလာမှာမဟုတ်ပါဘူး ”ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ လောက်က ရခိုင်ပြည်နယ်က စတင်တဲ့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် အဖမ်းခံထားရတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသား ၁၆ ယောက်ရှိနေပြီး တိမ်းရှောင်နေရတဲ့ကျောင်းသား ၃၀ ကျော်၊ ပုဒ်မ ၅၀၅ (က)(ခ)၊ ငြိမ်းစုစီဥပဒေ ပုဒ်မ၊ သဘာဝဘေး အန္တရာယ် ဥပဒေတွေနဲ့ အမိန့်ချခံထားရတဲ့ ကျောင်းသား ၁၁ ယောက်ရှိတယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနန်းလင်းက -” ကျနော်တို့ရဲ့ ဒေါင်းတို့မျိုးဆက် ရဲဘော်အဖွဲ့ဝင်တွေကိုယ်တိုင် ထောင်ထဲရောက်နေတယ် အဓိကကတော့ ကျနော်တို့ ယုံကြည်တာကတော့ အမျိုးသားရင်ကြားစေ့ရေးတို့ အမျိုးသားညီညွတ်ရေးအစိုးရတွေ ပြောနေသလို တစ်ဖက်မှာလည်း အမျိုးသားပြန်လည် ညီညွတ်ရေးအတွက် ဖမ်းထားတဲ့နိုင်ငံရေးအကျဉ်းသားတွေကို ဘာကြောင့်ပဲ ဘယ်လိုပဲဖြစ်ဖြစ်ဖမ်းထား ဘယ်အဖွဲ့ကပဲ ဖမ်းထားစစ်တပ်ကပဲဖမ်းထားဖမ်းထား စစ်တပ်ကပဲ တရားစွဲစွဲပေါ့နော် ပြန်လွှတ်ပေးရမယ့် အချိန်ကျပြီ ဒါမှလည်း သူတို့ပြောနေတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးတို့ ငြိမ်းချမ်းရေးတို့ဆိုတာတွေ ရှေ့နောက်ဆီလျော်တဲ့ အခြေအနေ ဖြစ်မယ်ပေါ့နော် ဒါပေမယ့် အခုကျတော့ တစ်ဖက်ကအမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတဲ့စကားတွေ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့်လည်း ကိုဗစ်ကာလကပ်ဘေး မှာတောင်မှ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်မလွှတ်တဲ့အပြင် ထပ်ထပ်ပြီးတော့ ဖမ်းနေတာကတော့ တော်တော်လေးတော့ စိတ်ပျက်ဖို့ကောင်းတယ်လို့တော့ မှတ်ချက်ပြုရလိမ့်မယ် လာမယ့်အစိုးရသစ်ဖွဲ့ပြီးရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လည် လွတ်မြောက်ရေးပဲဖြစ်မယ်လို့ ကျနော်နားလည်ထားပါတယ်။” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်တန့်ဖို စတစ်ကာကပ်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသူတွေအထဲက ပြည်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က ကိုကျော်ရဲသူ၊ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုထက်အောင်တို့ကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်မှာ ပေါင်းတည်တရားရုံးကနေ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ထားပါတယ်။၂၀၁၉ ခုနှစ်တုန်းက တပ်မတော်ကို ဝေဖန်သံချပ်ထိုးခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့က ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇေယျာလွင် တို့ကိုလည်း အဲ့ဒီပုဒ်မတွေနဲ့ပဲ တရားစွဲခဲ့ပါတယ်။ အဲဒီအထဲက ကိုဇေယျာလွင်နဲ့ ကိုပိုင်ဖြိုးမင်းတို့ နှစ်ဦးက ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခံထားရပါတယ်။
https://www.facebook.com/39218993127/posts/10160680834668128/