တိုက်ပွဲကာလအတွင်း ဘူးသီးတောင်မြို့နယ်တွင် မီးလောင်ပျက်စီးသွားသည့် လူနေအိမ် ၄၀၀ ခန့်ရှိ

By Development Media Group / 2021 January 30

ကျော်မျိုးအောင်တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မီးလောင်ပျက်စီးသွားခဲ့သည့် လူနေအိမ်စုစုပေါင်း ၄၀၀ ခန့်ရှိသည်ကို စာရင်းကောက်ယူရရှိထားကြောင်း ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးသွားခဲ့သည့် လူနေအိမ်များ၏စာရင်းကို ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။“တိုက်ပွဲအတွင်းမီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေစာရင်းကို ရခိုင်ပြည်နယ်အစိုးရက စာရင်းကောက်ခိုင်းလို့ ရပ်/ကျေးတွေကတစ်ဆင့် ကောက်ယူထားတယ်။ မကောက်နိုင်သေးတဲ့ကျေးရွာတွေလည်းရှိနေသေးတယ်” ဟု ၎င်းကဆိုသည်။လက်ရှိ စာရင်းကောက်ယူ ရရှိထားသည့်ကျေးရွာများအား စာရင်းကောက်ယူရာတွင် အခက်အခဲမရှိခဲ့ သော်လည်း စံဂိုးထောင့်ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာအချို့မှာ စာရင်းမကောက်ယူနိုင်သေးကြောင်း သိရသည်။ဘူးသီးတောင်မြို့နယ် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးအောင်ကျော်ထွန်းက “ကျွန်တော်တို့က မိမိနေရပ်ကစွန့်ခွာလာတာ ၂ နှစ်ရှိသွားပြီ။ နေအိမ်တွေ ဘယ်လောက်ပျက်စီးသွားတယ်။ ဘယ်လောက်မီးလောင်သွားတယ်ဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် အစိုးရအနေနဲ့ မြေပြင်ကိုကွင်းဆင်းပြီးတော့ စစ်ဆေးမှ တိကျမှန်ကန်တဲစာရင်းကိုရရှိမှာဖြစ်တယ်” ဟု ပြောသည်။လက်ရှိကောက်ယူထားရရှိထားသည့်စာရင်းအရ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာမှ နေအိမ် ၃၉၃ အိမ်မှာ တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးရုံးမှ သိရသည်။ယင်းအထဲတွင် စည်တောင်ကျေးရွာမှ ၁၂ အိမ်၊ စပါးထား ၆ အိမ်၊ ကျောက်ရန် ၄ အိမ်၊ ကင်းတောင် ၃ အိမ်၊ ပန်းပဲချောင်း(မွတ်ဆလင်) ၇ အိမ်၊ သရက်ပြင် ၄၁ အိမ်၊ သရက်ပြင်(မွတ်ဆလင်) ၁၀ အိမ်၊ အလယ်ချောင်း (ခမီ) ၄၄ အိမ်၊ နွားရုံတောင် ၁၂၁ အိမ်၊ စံဂိုးထောင် ၄၃ အိမ်၊ ဥယာဉ်သာ ၄၈ အိမ်၊ သျှစ်သျှားတောင် ၁၇ အိမ်၊ ဆင်သေပြင်(မွတ်ဆလင်) ၃၃ အိမ်နှင့် ခေါင်းတိုက်(မွတ်ဆလင်)ကျေးရွာ ၄ အိမ်တို့ဖြစ်ကြောင်း သိရသည်။ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယင်းသို့ မီးလောင်ပျက်စီးသွားသည့်ကျေးရွာများအား မြို့နယ်အလိုက် စာရင်း ကောက်ယူနေကာ ပြန်လည်ထူထောင်ပေးရန်စီစဉ်လျှက်ရှိကြောင်း အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက DMG မေးမြန်းချက်အပေါ် ပြောကြားထားသည်။ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂)နှစ်တာ ကာလအတွင်း ကျေးရွာပေါင်း(၄၈)ရွာမှ နေအိမ်စုစုပေါင်း ၂၀၀၀ ခန့် မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။

https://www.facebook.com/466648543487562/posts/1932865346865867/

Leave a Reply

Your email address will not be published.