တပ်မတော် အပစ်ရပ်သည့်နယ်မြေများတွင် ရခိုင်ပြည်နယ် ပါဝင်လာ

တပ်မတော်၏ အပစ်ရပ်နယ်မြေများတွင် AA နှင့် ၂ နှစ်နီးပါး အပြင်းအထန်တိုက်ခိုက်ခဲ့ရာ ရခိုင်ပြည်နယ် ပထမဆုံးအကြိမ် ပါဝင်လာခဲ့သည်

By Myanmar now/ 2021 January 29

စစ်တွေမြို့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရှိ ဗန္ဓုလရိပ်သာတွင် လုံခြုံရေး‌ဆောင်ရွက်နေသည့် တပ်မတော်သားတစ်ဦးကို ဇန်နဝါရီ ၁ က တွေ့ရစဉ်။ ( ဓာတ်ပုံ – ဖဒူထွန်းအောင်/Myanmar Now)

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံခဲ့ရသည့် ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်တွင် ခြေကုပ်ယူရန် ကြိုးပမ်းလာပြီးနောက် ၂ နှစ်နီးပါး အပြင်းအထန်တိုက်ခိုက်ခဲ့သော်လည်း ယမန်နေ့ (ဇန်နဝါရီ ၂၈) တွင် ထုတ်ပြန်ခဲ့သော တပ်မတော်၏ အပစ်ရပ်နယ်မြေများတွင် ပထမဆုံးအကြိမ် ရခိုင်ပြည်နယ် အကျုံးဝင်ခဲ့သည်။

တပ်မတော်၏ ယခင် အပစ်ရပ်ကြေညာချက်များတွင့် ‘အကြမ်းဖက်အဖွဲ့အစည်းများရှိရာ ဒေသများမှ အပ’ ဟု ဖော်ပြလေ့ရှိသော်လည်း ယခုတစ်ကြိမ် ထုတ်ပြန်ချက်တွင် AA နှင့် အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် အကျုံးဝင်လာခြင်းဖြစ်သည်။

“မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဖေဖော်ဝါရီ တစ်လတိတိ ရပ်ဆိုင်းပေးသွားမည်” ဟု တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခံခဲ့ရသည့် AA နှင့်ပတ်သက်၍ တပ်မတော်က အစဉ်တစိုက် သဘောထားတင်မာခဲ့သော်လည်း ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း AA နှင့် တပ်မတော် တာဝန်ရှိသူများ တိတ်တဆိတ်ဆွေးနွေးညှိနှိုင်းမှုများ ရှိခဲ့သည်။ 

တပ်မတော်တာဝန်ရှိသူများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း AA က ဒီဇင်ဘာ ၂ ရက်တွင် ကြေညာခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ‘ဝ’ ဒေသ၌ တပ်မတော်နှင့် လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း AA တာဝန်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ AA ဘက်က ထုတ်ဖော်ပြောကြားခဲ့သော်လည်း တပ်မတော်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

ဒီဇင်ဘာ ၁၅ ရက်တွင် ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပေးပို့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် AA နှင့် ပတ်သက်၍ အပြုသဘောဆောင်သော သဘောထားမှတ်ချက်ပေးခဲ့သည်။ 

နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ရပ်တန့်လျက်ရှိပြီး တပ်မတော်၏ အပစ်ရပ်နယ်မြေများတွင် ရခိုင်ပြည်နယ်အကျုံးဝင်လာခြင်းသည် ကောင်းသောလက္ခဏာ ဆောင်သည်ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“အပစ်ရပ်တယ်ဆိုတော့ ကောင်းသောလက္ခဏာပဲ။ ကြိုဆိုပါတယ်။ ကျွန်တော်တို့လွှတ်တော်ကလည်း အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်။ ဒီနေ့အချိန်မှာတော့ အဲဒါဖြစ်ပေါ်လာတယ်။ ကျွန်တော်တို့ ဒေသအသီးသီးမှာ အပစ်ရပ်တယ်ဆိုတာ တကယ့်မျှော်လင့်စရာ၊ ကြိုဆိုသင့်တဲ့အကြောင်းအရာ ဖြစ်တယ်”ဟု ဦးစံကျော်လှက Myanmar Now ကိုပြောသည်။

ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖြစ်ရန်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန်၊ တန်းတူအခွင့်အရေး ရရှိရန် စသည့် အခြေခံလိုအပ်များစွာ ရှိနေပြီး ယင်းအထဲတွင် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းပေးရန်လည်း ပါဝင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးက ဆိုသည်။

“AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ပယ်ဖျက်တာဟာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ရာမှာ ချဉ်းကပ်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်” ဟု လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ၎င်းက ပြောသည်။

စစ်ရေးပြင်းထန်ခဲ့သည့် ရခိုင်ဒေသတွင် ယခုအခါမှ အပစ်ရပ်စဲကြောင်းကြေညာခြင်းမှာ အစိုးရအသစ် အပြောင်းအလဲတွင် လုပ်ဆောင်ရန် တစ်ခုခုရှိသည်ဟု တပ်မတော်ဘက်က စဉ်းစားထားမှုကြောင့် ဖြစ်နိုင်သည်ဟုလည်း ဦးကျော်ဇော်ဦးက သုံးသပ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သော AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းပေးရန် အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ 

တပ်မတော်၏ အပစ်ရပ်နယ်မြေများတွင် ရခိုင်ပြည်နယ်ပါဝင်လာခြင်းကို အပြုသဘောထား ရှုမြင်မှုများရှိလင့်ကစား သတိထားစရာများ ရှိနေသည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုသည်။ 

“တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ခြုံပြီးသုံးသပ်ရရင် ဒါဟာ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှု တစ်ခုလို့တော့ ပြောလို့ရတာပေါ့။ ဒါပေမယ့် ထုတ်ပြန်ချက်ကို ခြုံပြီးတော့ ကြည့်လိုက်လို့ရှိရင် သတိထားစရာတစ်ခုက နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များမှအပဆိုတဲ့ စကားရပ်ကို သုံးစွဲထားတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

“အခု ကရင်ပြည်ဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အဲဒီစကားရပ်အောက်မှာ ဖြစ်နေတာဖြစ်တယ်ဗျာ။ မြန်မာစစ်တပ်ဘက်က အသုံးအနှုန်းအရဆိုရင် အုပ်ချုပ်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကို နှောင့်ယှက်ပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုမျိုးတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေကို တွေ့နေရတယ်။ ဆိုတော့ ဒါကြောင့်မို့လို့ သတိထားစရာတွေတော့ ရှိတာ့ပေါ့နော်” ဟု ခိုင်သုခက ဆိုသည်။

https://www.facebook.com/518067831674293/posts/2003771436437251/

Leave a Reply

Your email address will not be published.