“တပ်မတော် လက်ထဲမှာ တင်းမရွာသားမရှိဘူးလို့ အကြောင်းပြန်တာကို ပြန်ထောက်ရင် ဒါက အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး အလောင်းဖျောက်ထားတယ်လို့ ကျွန်တော်တို့ အဲလိုပြောလို့ရတယ်”

By ရန်ကုန်ခေတ်သစ်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ တင်းမရွာသား ၂၁ ဦးပျောက်ဆုံးနေမှုတွင် တပ်မတော်က ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များနှင့် ဒေသခံများက အခိုင်အမာပြောဆိုလျက်ရှိသော်လည်း တပ်မတော်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က တပ်မတော်လက်ထဲတွင် ရွာသားများ မရှိဟု ငြင်းဆိုထားသည်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ နှောင်းပိုင်း နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ယင်းကိစ္စကို သေချာ မသိရှိသေးကြောင်း၊ လမ်းကြောင်းများစွာမှ မိသားစုဝင်များအနေဖြင့် တိုင်ကြားနိုင်ကြောင်း အတိအလင်းထုတ်ဖော်ပြောဆိုသည်။ လက်ရှိအချိန်အထိ ရွာသားများ ပျောက်ဆုံးနေဆဲဖြစ်ရာ ပျောက်ဆုံးရွာသားများအတွက် တရားမျှတမှုရရှိရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဇော်ဝင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။ မေး။ ။ တင်းမကျေးရွာသား ၂၁ဦးပျောက်ဆုံး နေမှုနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေဘယ်လိုရှိလဲ။ဖြေ။ ။ အခုလက်ရှိအခြေအနေက ကျွန်တော်တို့ ပြီးခဲ့တဲ့ ၁ရက်၊ ၂ရက် အတွင်းက စစ်တွေအခြေစိုက် ရခိုင်ရှေ့နေများကောင်စီကို ကျွန်တော်တို့ အကူအညီတောင်းထားတယ်။ ရှေ့နေ တော်တော်များများ အင်အားအများနဲ့ ကျွန်တော်တို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သုံးသပ်လို့လေ ဒီမှာ အခြေအနေကတော့ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ကြားပြီးလောက်ပြီထင်ပါတယ်။ ကျွန်တော်တို့ စလုပ်ရမှာက ကျွန်တော် စဉ်းစားထားတာကလေ စခန်းမှူးကို ကျွန်တော်ကိုယ်တိုင် တရားလိုလုပ်ပြီးတော့ တရားစွဲဆိုမလို့ စီစဉ်ထားတယ်။ အသေးစိတ်တော့ ကျွန်တော်တို့ အကူအညီတောင်းထားတဲ့ သူတွေရောက်မှာပဲ အသေးစိတ်ကို ပြောနိုင်မယ်လေ။ ကျွန်တော်က စခန်းမှူးကို ဘာကြောင့် တရားစွဲဆိုမှာလည်းဆိုတော့ ကျွန်တော်တို့ ၈ရက်နေ့က ဒီလ ၈ရက်နေ့က တင်းမရွာသားတွေကို ခေါ်ပြီးတော့ ကျွန်တော်ကိုယ်တိုင် ရဲစခန်းကိုသွားတာ အဲစခန်းက ရဲက ကျွန်တော်တို့ကို ဖမ်းမယ်။ ချုပ်မယ်။ ပစ်သတ်မယ်။ ခြိမ်းခြောက်တာတွေရှိတယ်လေ အဲတာလည်း တစ်တိုင်းပြည်လုံးသိကျတဲ့ကိစ္စ သူ့ရဲတပ်ဖွဲ့ကနေပြီးတော့ အောက်ခြေက ရဲတစ်ယောက်က မတရားမှုခြိမ်းခြောက်တာတွေရှိလာ သိသိလျက်လျက်နဲ့ ဒီနေ့ထက်ထိ အရေးယူဆောင်ရွက်ထားတာမရှိလို့ အဲတာ စခန်းမှူးမှာ အပြစ်ရှိတယ်လို့ ကျွန်တော်က ထင်မြင်ယူဆတယ်။ အဲတာကြောင့် စခန်းမှူးကို ကျွန်တော်ကိုယ်တိုင် တရားလိုလုပ်ပြီး တရားစွဲဆိုမလို့ အဲလိုကျွန်တော်တို့ စီစဉ်ထားတယ်။ ဒါကိုရှေ့နေကောင်စီ အဖွဲ့တွေရောက်ပြီးမှ ကျွန်တော်တို့ လုပ်ဆောင်စရာတွေ အသေးစိတ်လုပ်ဆောင်မယ်။ ဒါကျွန်တော်စီစဉ်ထားတဲ့ဟာ အကျဉ်းပေါ့။ ပြီးရင် အမှုဖွင့်တာကို လက်မခံတဲ့ကိစ္စ တပ်မတော်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စ အဲတာကိစ္စအဝဝ အားလုံး ရှေ့နေတွေနဲ့ တိုင်ပင်ပြီးမှ ကျွန်တော်တို့ ပြောဆိုလို့ရမယ့် အပိုင်းပါ။မေး။ ။ ဖမ်းဆီးခံရသူ ၁၈ဦးလို့ ပထမ သိရတယ်။ အခု ၂၁ဦးဖြစ်သွားတယ်။ ဘာကြောင့်တိုးလာတာလဲ။ဖြေ။ ။ ၃လပိုင်းတွေ မတ်လ ၁၃ရက်နေ့က တင်းမရွာသစ်က ၈ဦးဖမ်းသွားတယ်။ ၁၆ရက်နေ့က တင်းမရွာကြီးလို့ ခေါ်တယ်။ တင်းမရွာကြီးက ၁ဝဦးဖမ်းသွားတယ်။ သူတို့မိသားစုတွေထဲက ဖမ်းခေါ်သွားတာ တချို့ဆိုအိမ်ထဲမှာနေရင်း ထမင်းစားနေတုန်း တချို့ဆို အနားယူနေတုန်း တချို့ဆို ထိုင်စကားပြောနေတုန်း အဲလို အခြေအနေမျိုးမှာ မိသားစုတွေထဲက ဖမ်းခေါ်သွားတာ အဲလိုမျိုးလေ ပြီးတော့ ကျန်တဲ့၃ဦးက တင်းမရွာသားတွေက ရွာမှာနေထိုင်ရလို့ အဆင်မပြေတော့ဘူး။ ကြောက်လန့်မှုတွေများလာပြီ ရွာကိုစွန့်ခွာပြီး ထွက်ပြေးရတော့မယ်ဆိုပြီးတော့ ကျောက်တော်မြို့ကို မတ်လ ၂ဝ က ထွက်ပြေးလာတယ်။ အဲဒီချိန်မှာ ရွာဦးဘုန်းတော်ကြီးကျောင်း စောင့်ဖို့ဆိုပြီးတော့ အမျိုးသား ၃ဦးချန်ထားခဲ့တယ်။ သတင်းမီဒီယာတော်တော်များများမှာက တင်းမရွာက ၂၁ဦးမပါဘဲ ၁၈ဦး ပါနေရတဲ့အကြောင်းအရင်းကို ပြောရရင် ကျွန်တော်တို့ စစ်တွေကိုသွားပြီး သတင်းစာရှင်းလင်းပွဲလုပ်တယ်။ အဲတုန်းက ရွာမှာကျန်ခဲ့တဲ့သူ ၃ဦးက ပျောက်ဆုံးသွားမှန်း ရွာမှာမရှိမှန်း သူတို့မသိဘူး။ အဲဒါကြောင့် ၁၈ဦးလို့ သူတို့ပြောတာ ရွာကိုလည်းဘယ်သူမှ မသွားရဲဘူးလေ ရွာမှာကျန်ခဲ့တဲ့ ၃ဦးကလည်း အဆက်အသွယ်မရ ကြာလာတော့မှ အဲဒီ ၃ဦးကို တပ်မတော်သားက ဖမ်းခေါ်သွားတယ်လို့ ပြောတာ ပြောတာကလည်း ခိုင်လုံတယ်လေ။ အဲဒီရွာနဲ့ နီးနီးကပ်ကပ်လေးရှိတဲ့ တောင်ရှည်တောင်မှာ တပ်မတော်သားတွေ တပ်စွဲထားတယ်။ ရွာသားတွေ ၂ဝရက်နေ့ ထွက်လာတုန်းကလည်း ရွာထဲမှာ တပ်မတော်သားတွေ ရှိတယ်။ အဲတာကြောင့် ကျန်တဲ့ ၃ဦးကိုလည်း တပ်မတော်သားတွေ ဖမ်းဆီးထားတယ်လို့ ကျွန်တော်တို့က ပြောတာဖြစ်တယ်။မေး။ ။ ရွာသား ၂၁ဦးကို ဖမ်းခေါ်သွားတဲ့ ဘယ်တပ်ရင်းကလဲ။ဖြေ။ ။ တောင်ရှည်တောင်မှာ တပ်စွဲထားတဲ့ ၅၅လို့ပြောတယ်။ တပ်မ ၅၅ပေါ့။မေး။ ။ ဒီရွာသား ၂၁ဦးနဲ့ ပတ်သက်တဲ့ သတင်းက ဘာတစ်ခုမှ မကြားရသေးတာလား။ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ကော်မရှင်ကို တင်ထားတာရှိတယ်။ ကော်မရှင်က ပြန်အကြောင်းစာမှာ ပြန်တဲ့ အကြောင်းပြန်စာမှာ တပ်ကပြန်ထားတယ်ဆိုပြီးပြောတယ်။ ဘယ်လို ပြန်ထားလည်းဆိုတော့ သူတို့တပ်မတော်ဆီမှာ တင်းမရွာသား ဘယ်သူမှ မရှိဘူးဆိုပြီး ကော်မရှင်ကို အကြောင်းပြန်ထားတာရှိတယ်။ အဲတော့ ဘယ်မှာဖမ်းဆီးတယ်။ ထားတယ်လို့ သိစရာမလိုဘူးလေ ဖမ်းဆီးခေါ်သွားတာ အဲတုန်းက သူတို့မှာ အဖမ်းဆီးခံရတဲ့သူတွေ အင်္ကျီကိုချွတ်တယ်။ ခေါင်းမှာ မျက်နှာဖုံးလိုလို စွတ်လိုက်တယ်။ ချီထားလိုက်တယ်။ လက်ကို နောက်ပြန်ကြိုးတုတ်ပြီးတော့ ခေါ်သွားတယ်။ တပ်မတော်သားတွေ ကိုယ်တိုင်အဲလိုလုပ်တာကို ရွာသားတွေ တစ်ရွာလုံးမြင်တဲ့ဟာ မိသားစုတွေအပါအဝင် တစ်ရွာလုံးမြင်တဲ့ဟာ အဲတာကြောင့် ဘယ်မှာထားတယ်လို့ ကျွန်တော်တို့ သိစရာမလိုတော့ဘူး။ တပ်မတော် လက်ထဲမှာရှိတာလေ အဲတာကြောင့် ကော်မရှင်ကို တပ်မတော်က အကြောင်းပြန်စာမှာ တပ်မတော် လက်ထဲမှာ တင်းမရွာသားမရှိဘူးလို့ အကြောင်းပြန်တာကို ပြန်ထောက်ရင် ဒါက အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး အလောင်းဖျောက်ထားတယ်လို့ ကျွန်တော်တို့ အဲလိုပြောလို့ရတယ်။ ဒီပြီးခဲ့တဲ့ နှစ်အနည်းအကျဉ်းက ရခိုင်ပြည်နယ်မြောက်ပိုင်း ရခိုင်ပြည်အနောက်ဖက်ခြမ်းက အင်းဒင်ဖြစ်စဉ်လိုမျိုး ဒါအစုလိုက် အပြုံလိုက် ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်အလောင်းဖျောက်လိုက်တာလို့ ကျွန်တော်တို့ အဲလိုပြောနိုင်တယ်။မေး။ ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တပ်မတော်ကို တိုင်ကြားထားတာတွေကောရှိလား။ဖြေ။ ။ ကျွန်တော်တို့ အကြောင်းကြားတာတော့မရှိဘူး။ နှစ်လည်း တစ်နှစ်နီးပါးလောက်ရှိပြီလေ အခုဆို ၁ဝလထဲကို ရောက်နေပြီ မတ်လတည်းက ဖမ်းဆီးတာဆိုတော့ အခုဆို ဒီဇင်ဘာဖြစ်နေပြီလေ အဲတာကြောင့် ကျွန်တော်တို့က အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး အလောင်းဖျောက်ထားတယ်လို့ ကျွန်တော်တို့ အဲလိုပြောကျတာလေ တပ်မတော်ကလည်း မရှိဘူးလို့ ကော်မရှင်ကို သူတို့အကြောင်းပြန်ထားတာရှိတာကိုပေါ့။မေး။ ။ ရွာသားတွေကို ဖမ်းဆီးတာက AA နဲ့ ပတ်သက်လို့ဖမ်းဆီးတာလား။ဖြေ။ ။ ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ ကျောင်းလုပ်သားတစ်ဦးပါတယ်။ ပညာရေးဝန်ထမ်းလေ သူကမွေးရာပါ။ ညာခြေတစ်ဖက် ခြေမသန်တဲ့တစ်ယောက်ပေါ့။ ကောင်းကောင်းလမ်းလျောက်လို့ မရတဲ့သူ အဲဒီလူက AA ဖြစ်နိုင်မလား။ AA နဲ့ ပတ်သက်နိုင်မလားပေါ့။ ပြီးတော့ ၈တန်းကျောင်းတက်နေတဲ့ အသက် ၁၄နှစ်ခန့် ကလေးတစ်ယောက် အခုဖမ်းဆီးခံထားတဲ့ ၂၁ဦးထဲမှာလေ အသက် ၁၄နှစ်အရွယ် ၈တန်းကျောင်းတက်နေတဲ့ ကျောင်းထွက်ထားတာမဟုတ်ဘူး။ ကျောင်းတက်နေစဲ အဲဒီကလေးက AA ဖြစ်နိုင်မလား။ AA နဲ့ ပတ်သက်နိုင်မလားပေါ့။ အဲတာတွေက အဖြေပဲလေ ပြီးတော့ ၇ဝကျော် အဘိုးကြီးတွေလည်း ပါတယ်။ ပြီးတော့ ရွာအုပ်ချုပ်ရေးမှူးရဲ့သား သူအသက် ၂ဝကျော်လောက်ရှိမယ်ထင်တယ်။ ကျွန်တော် အသက်တော့မေ့နေတယ်။ အုပ်ချုပ်ရေးမှူးသားက မွေးရာပါ စကားမပြောတတ်တဲ့သူ အခုဖမ်းဆီးခံရတဲ့အထဲမှာ အဲလိုမျိုးလူမျိုးတွေပါတယ်။ အဲဒီလူမျိုးတွေက AA နဲ့ ပတ်သက်နိုင်ချေရှိလား။ AA ဖြစ်နိုင်မလား။ အဲလိုစဉ်းစားလို့ရတယ်လေ။မေး။ ။ ဘာကြောင့်ဖမ်းဆီးခံရတာလဲ။ဖြေ။ ။ ဘာမှမပြောဘဲ သူတို့ဖမ်းချင်တာကို ဖမ်းတာလေ အဲလိုမဖမ်းခင် တစ်နေ့ကဆိုရင် ရွာကိုဝင်တယ်။ စစ်ဆေးတယ်။ AA ရှိလား။ မရှိဘူး။ အဲလိုမျိုးတွေ လာစစ်တယ်။ ပြီးတော့ရွာက ဘာမှမယူသွားပါဘူးဆိုပြီးတော့ ခံဝန်ကတိကို လက်မှတ်ထိုးခိုင်းလိုက်တယ်။ ထိုးပေးလိုက်ရတယ်။ နောက်တစ်နေ့လာတော့ အဲဒီလက်မှတ်ထိုးထားတဲ့ဟာကို ကိုင်ပြပြီးတော့ မင်းတို့ရွာက ငါတို့ဘာမှယူသွားတာမရှိဘူး။ အဲတာကို မင်းတို့ရွာသားကိုယ်တိုင် လက်မှတ်ထိုးထားတာ ဒီမှာကြည့် ဒါကြောင့် အခုယူချင်တာကို ယူလို့ရပြီဆိုပြီး ရွာမှာရှိတဲ့ဟာ အကုန်လုံးယူတာပဲလေ အဲလိုမျိုးတွေပေါ့။မေး။ ။ ရှေ့နေကောင်စီကို အကြောင်းကြားစာပို့တုန်းက ဘယ်လိုမျိုးလုပ်ဆောင်ပေးမယ်လို့ အကြောင်းပြန်လဲ။ဖြေ။ ။ သူတို့ကတော့ ကူညီမယ်လို့ပြောထားတယ်။ ကျွန်တော်တို့ စာမပို့ခင်တည်းကလေ ဖုန်းနဲ့ ချိတ်ဆက်ထားတာရှိတယ်။ ကူညီပေးမယ် အဲတာကြောင့် ကျွန်တော်က စာနဲ့ စာရေးပြီးပို့လိုက်တာ အခုသူတို့လည်း ရခိုင်ပြည်နယ်အနှံ့မှာ အမှုလိုက်နေရတာတွေရှိတယ်။ သူတို့အချိန်ရတဲ့အချိန်ကျရင် သူတို့ခေါင်းဆောင်ပိုင်းတွေ ဘယ်လိုကူညီဆောင်ရွက်မလဲဆိုတာ သူတို့အစည်းအဝေးလုပ်ရအုန်းမယ်။ ပြီးမှာ သူတို့အသေးစိတ်ပြန်ပြောနိုင်မယ် ထင်တယ်။မေး။ ။ အမှုတည်ဆောက်ပြီး တရားစွဲဆိုမယ်ဆိုရင် ဘယ်မှာ စွဲဆိုမှာလဲ ကျောက်တော်မှာပဲလား။ဖြေ။ ။ ရှေ့နေတွေနဲ့ ကျွန်တော်တို့နဲ့ကလည်း အသေးစိတ်မဆွေးနွေးရသေးဘူး။ သူတို့မှာလည်း ရှေ့နေအချင်းချင်း ဒီကျောက်တော်က အမှုကို ဘယ်သူ့ကိုလွှဲမယ်။ ဘယ်နှစ်ယောက်ရောက်လာမယ်ဆိုတာက အစ ဘယ်လိုလုပ်ကိုင်မယ်ဆိုတာက အစ သူတို့မှာလည်း အစည်း အဝေးမလုပ်ရသေးဘူးပြောတယ်။မေး။ ။ စခန်းမှူးကို တရားစွဲဖို့ကိစ္စကျတော့ကော ဘယ်လိုလုပ်ဆောင်မှာလဲ။ဖြေ။ ။ ကျောက်တော်မှာပဲ စွဲမယ်လေ ရှေ့နေတွေနဲ့လည်း တိုင်ပင်ရအုန်းမယ်။ ကျွန်တော်ကတော့ ကျောက်တော်မှာပဲစွဲမယ်။ အဝေးကို မသွားဘူး ကျွန်တော်တို့ ကိုယ်တိုင်လည်းကြောက်တယ်လေ လမ်းမှာ ကျွန်တော်တို့ကို မတော်တလျောတွေလုပ်မှာကိုလည်း စိုးရိမ်ရတယ်။မေး။ ။ ဘာများဖြည့်စွက်ပြောကြားချင်တာရှိလဲ။ဖြေ။ ။ ကျွန်တော်တို့ တရားမျှတမှု ရဖို့အတွက်တော့ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာ အကုန်လုံးကို လုပ်မှာပဲ အမှန်တရားပေါ်ပေါက်ဖို့အတွက်လည်း ရှေ့ဆက်ဆောင်ရွက်လို့ရတဲ့ ဘယ်သူနဲ့မဆို ဘယ်အဖွဲ့အစည်းနဲ့မဆို ချိတ်ဆက်ဆောင်ရွက်မှာပဲ လူ့ဂုဏ်သိက္ခာနဲ့အညီ လူသားတွေရဲ့ ဘဝတန်ဖိုး ကျွန်တော်တို့နားလည်ရမယ်လေ ကမ္ဘာအနှံ့မှာရှိတဲ့ မတရားမှု လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ကမ္ဘာကြီးက ဒီတိုင်းလက်ပိုက်ကြည့်မနေဘူးလေ ပြီးတော့တရားမျှတမှုကို လိုချင်တဲ့ ပြည်သူတွေအနေနဲ့ ဒီနိုင်ငံကို ဦးထိပ်ပန်ဆင်ပြီးတော့ တရားရုံးတွေမှာတရားစွဲတယ်။ ဒီနိုင်ငံက တရားရုံးတွေက ပြည်သူတွေကို အကာအကွယ်မပေးဘူးဆိုရင် ပြည်သူတွေကို ဘယ်တရားရုံးက အကာအကွယ်ပေးနိုင်မလဲ။ ဆိုလိုတာက ICJ ကအကာအကွယ်ပေးနိုင်မလား။ ဒါမှမဟုတ် ICJ ထက်ကြီးတဲ့နေရာက ကျွန်တော်တို့ကို အကာအကွယ်ပေးနိုင်မလား။ ပြည်သူတွေရဲ့ ဘဝအာမခံချက် လုံခြုံနွေးထွေးနိုင်ဖို့ ဘယ်တရားရုံးက အကူအညီပေးနိုင်မလဲ။ ကျွန်တော်တို့ကတော့ လူသားတွေ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ဖို့ဆိုရင် ဘယ်လိုပဲလုပ်ရလုပ်ရ အကုန်လုံးကတော့ လုပ်မယ်လို့ ကျွန်တော်တို့ကတော့ ဆုံးဖြတ်ထားတယ်။ စီစဉ်ဆောင်ရွက်ထားတယ်။

Photo Credit – Western News

https://www.facebook.com/385165108587508/posts/1098559607248051/

Leave a Reply

Your email address will not be published.