By Western News/ 2021 January 9
ထွန်းသာ

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းနိုင်ဘဲ ကျန်ရှိသည့် မြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် မည်သည့် ဌာနကမှ လုံခြုံရေးဆိုင်ရာ အာမခံချက် ပေးထားခြင်း မရှိသေးကြောင်း ဇန်နဝါရီ ၈ ရက်နေတွင် ပြုလုပ်သော သမ္မတရုံးသတင်း စာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြောသည်။တပ်မတော်နှင့် အေအေတို့အကြား ဆွေးနွေးညှိနှိုင်းမှုများသည်လည်း မပြီးဆုံးသေးဘဲ လက်ရှိအချိန်ထိ နားလည်မှုဖြင့် အပစ်အခတ်များ ရပ်စဲနေသည့် အနေအထားမျိုးသာ ဖြစ်ကြောင်း သမ္မတရုံးကဆိုသည်။“ကျနော်တို့ UEC ကို လုံခြုံရေးနှင့်ပတ်သက်တဲ့ အာမခံချက် သဘောထားတွေ ပေးသလားလို့ သမ္မတရုံးကမေးပါတယ်။ ဒီနေ့ ကျနော်လာတဲ့အချိန်ထိ ဘယ်ဌာနကမှ သူတို့ကို ပေးထားတာ မရှိဘူးလို့ သိရတယ်ပေါ့နော်။ သက်ဆိုင်တဲ့ UEC ကို ဒီဒေသ ဒီဒေသတွေက လုံခြုံရေးအာမခံတယ် ဆိုတာမျိုး ပေးထားတာ မရှိဘူးပေါ့နော်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောသည်။ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် စစ်ဘေးရှောင်စခန်းများတွင် နေရပ်မပြန်နိုင်သေးဘဲ ကျန်ရှိနေသေးသည့် စစ်ဘေးရှောင်များမဲပေးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ဆောင်ရမှာ များစွာ ရှိနေခြင်းကြောင့် ချက်ချင်းလက်ငင်း လုပ်ဆောင်ရန်အဆင်မပြေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးဆိုသည်။“ဒီကြေငြာတဲ့အပိုင်းမှာလည်း ပွင့်ပွင်းလင်းလင်းပြောရရင် တပ်မတော်ဖက်က ညှိနှိုင်းဆွေးနွေးတဲ့ အဖွဲ့တွေနဲ့ ကျနော်တို့ ကိုပြောပြတာ ရှိပါတယ်။ ဘာတွေ ဘာတွေကို ဆွေးနွေးတယ်ဆိုတယ်ဆိုတာပေါ့နော်။ အဲတော့ ဆွေးနွေးညှိနှိုင်းတဲ့ အပိုင်းမှာလည်း မပြောသေးဘူး။ ခဏတာ နားလည်မှုနဲ့ ရပ်နေတဲ့အပိုင်းဖြစ်တယ်။ ဒီလိုမျိုး နားလည်မှုနဲ့ ရပ်နေတဲ့ အနေအထားတောင်မှ ပြည်သူတွေက တော်တော်လေး အဆင်ပြေနေပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် တိုက်ပွဲရှောင် ၁ သိန်း ၈ သောင်းကျော်လောက်ရှိတာမှာ ၈ သောင်းလောက်က ကိုယ့်အိမ်ကို ပြန်သွားကြပြီ။ တစ်သိန်းလောက် မပြန်နိုင်သေးဘူး။ အဲကိစ္စတွေ အများကြီးရှိတယ်။ ဥပမာ မဲပေးမယ်ဆိုရင် IDP မှာရှိတဲ့ သူတွေ ဘယ်လို မဲပေးမလဲ ပြဿနာတွေ အများကြီးပေါ့နော်။ ဒါက ဥပဒေ နည်းဥပဒေတွေနဲ့ လုပ်ရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ အဲတော့ ဒီအပိုင်းတွေက ချက်ချင်းလက်ငင်း လုပ်ဆိုရင် လုပ်ဖို့တော့ အဆင်မပြေဘူး” ဟု ပြောသည်။လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ဖို့ရန် ပါဝင်ယှဉ်ပြိုင်သည့် ပါတီများအနေဖြင့် တန်းတူ ရည်တူ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိရမည်ဖြစ်ပြီး မဲပေးမည့် မဲဆန္ဒရှင်များအနေဖြင့်လည်း ၎င်းတို့ကြိုက်နှစ်သက်သည့် ပါတီကို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရမည် ဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။တပ်မတော်မှ ဇန်နဝါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ကျန်ရှိသည့် နေရာများတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ တိုက်တွန်းကြောင်း ထုတ်ပြန်ကြေငြာထားခဲ့သလို နိုင်ငံတော် သမ္မတနှင့် ရက္ခိုင့်တပ်တော် AA မှလည်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေရန်း ထုတ်ပြန်ကြေညာထားသည်။
Western News- WN
https://www.facebook.com/102405104899336/posts/208143294325516/