တပ်မတော်က ရခိုင်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် တိုက်တွန်းထားသော် လည်း လုံခြုံရေးအာမခံချက် မည်သည့်အဖွဲ့ကမှ မပေးထားဟု ဦးဇော်ဌေးပြော

By Khit Thit/ 2021 January 8

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့သော မြို့နယ်များ၌ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မည်သည့်အဖွဲ့အစည်းကမှ ယနေ့ချိန်ထိ လုံခြုံရေးအာမခံချက် မပေးထားကြောင်း ဇန်နဝါရီလ ၈ရက်နေ့က ပြုလုပ်သည့် သမ္မရုံးသတင်းစာရှင်းလင်းပွဲတွင် သမ္မရုံးပြောခွင့်ရ ဦးဇော်ဌေးကပြောဆိုသည်။“ ဒီလိုမျိုး ကြေညာချက်ထုတ်တာလည်းတွေ့တယ်။ ဒီပိုင်းမှာလည်း ကျွန်တော်တို့မေးပါတယ်။ ကျွန်တော်တို့ သမ္မတရုံး၊ UEC ကော လုံခြုံရေးနဲ့ ပတ်သက်တဲ့ အာမခံချက် သဘောထားတွေ ပေးသလား။ ဒီနေ့ထိတော့ အခုကျွန်တော်လာတဲ့ အချိန်ထိ ဘယ်ဌာနကမှ သူတို့ကိုပေးထားတာမရှိဘူးလို့ ကျွန်တော်တို့ သိရတယ်ပေါ့။ သက်ဆိုင်တဲ့ UEC ကို ဒီဒေသ ဒီဒေသတွေကတော့ လုံခြုံရေးအာမခံတယ်။ ဆိုတာမျိုး ပေးထားတာမရှိဘူးပေါ့။ ဒီကြေညာတဲ့အပိုင်းမှာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် တပ်မတော်ဖက်က ညှိနှိုင်းဆွေးနွေးတဲ့ အဖွဲ့တွေနဲ့ ကျွန်တော်တို့ကို ပြောပြတာရှိပါတယ်။ ဘာတွေဆွေးနွေးတယ်။ ဘာတွေဆွေးနွေးတယ်ဆိုတဲ့ အပိုင်းပေါ့။ အဲတော့ အဲအပိုင်းတွေကလည်း ဆွေးနွေးညှိနှိုင်းတဲ့ အပိုင်းမှာလည်း ပြောရရင်တော့ မပြီးသေးဘူး။ ခဏတာ နားလည်မှုနဲ့ ရပ်နေတာ အခုအနေအထားက နားလည်မှုနဲ့ ရပ်နေတဲ့အနေအထားဖြစ်တယ်” ဟု ၎င်းကပြောဆိုသည်။ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် လက်ရှိချိန်၌ စစ်ရှောင်စခန်းတွင် ရောက်ရှိနေသော ပြည်သူများ၏ မဲပေးခြင်းဆိုင်ရာကိစ္စရပ်များတွင် ပြဿနာများရှိနိုင်ပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရန် တန်းတူညီတူ ယှဉ်ပြိုင်ခွင့်ရှိရမည်ဖြစ်ကြောင်း ဦးဇော်ဌေးကဆက်လက်ပြောဆိုသည်။“ ဒါပေမယ့် ဒီလိုမျိုး နားလည်မှုနဲ့ ရပ်နေတဲ့ အနေအထားတောင်မှ ပြည်သူတွေကတော်တော်လေး အဆင်ပြေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တိုက်ပွဲရှောင် ၁သိန်း ၈သောင်းကျော်လောက်ရှိရာမှာ ၈သောင်းလောက်က ကိုယ့်အိမ်ကို ပြန်သွားပြီ ၁သိန်းလောက် မပြန်နိုင်သေးဘူး။ အဲကိစ္စတွေအများကြီး ရှိတယ်။ ဥပမာ မဲပေးမယ်ဆိုရင် အဲဒီ IDP မှာရှိတဲ့သူတွေ ဘယ်လိုမဲပေးမလည်း ပြဿနာ အများကြီးပေါ့။ ဒါက ဥပဒေနည်းဥပဒေနဲ့ လုပ်ရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ အဲတော့ ဒီပိုင်းတွေက ချက်ခြင်းလက်ငင်းလုပ်ဆိုရင် လုပ်ဖို့တော့ အဆင်မပြေဘူး။ အဲတော့လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ဖို့က ပါဝင်ယှဉ်ပြိုင်တဲ့ သူတွေကလည်း တန်းတူညီတူ ယှဉ်ပြိုင်ခွင့်ရှိရမယ်။ ပါတီတစ်ခုတည်း အလေးသာတဲ့ဟာမျိုးမဖြစ်ရဘူး။ မဲပေးမယ့် ပြည်သူကလည်း ကိုယ့်ကြိုက်တဲ့ပါတီကို ကိုယ်သဘောဆန္ဒနဲ့ အညီမဲပေးနိုင်ဖို့ရှိရမယ်။ ဒါမှ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်ပေါ့” ဟု ၎င်းကပြောဆိုသည်။ထို့ပြင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော နယ်မြေများနှင့် ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် မကျင်းပနိုင်ခဲ့သည်ကို ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခဲ့ပြီးဖြစ်ကာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာသဘောထားနှင့် လုံခြုံရေးပိုင်းဆိုရင်ရာ သဘောထားများအရဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ သဘောထားသည် ပြည်ထဲရေးနှင့် ကာကွယ်ရေးသဘောထားဖြစ်ကာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ သဘောထားဆိုသည် ထွေအုပ်သဘောထားဖြစ်ကြောင်း ထိုသို့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘဲ ကျန်ရှိခဲ့ခြင်းသည် အထူးသဖြင့် လုံခြုံရေးဆိုင်ရာ အာမခံချက် မရသည့်အတွက် ကျန်ရှိခဲ့ခြင်းဖြစ်ကာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ရန် လုံခြုံရေးဆိုင်ရာ အာမခံချက်လည်းလိုအပ်သည်ဟု ဦးဇော်ဌေးကပြောဆိုသည်။ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့ လွှတ်တော်သစ်များ မခေါ်မီ ရခိုင်ပြည်နယ် မြို့နယ် ၉ ခုနှင့် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တွင် ရွေး ကောက်ပွဲ အမြန်ဆုံးကျင်းပပေးရန် တိုက်တွန်းကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

https://www.facebook.com/385165108587508/posts/1103405266763485/

Leave a Reply

Your email address will not be published.