တပ်မတော်ကယူဆောင်သွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဆန်အိတ်များကိုပြန်ပေးရန် အစိုးရအဖွဲ့အား ပေးပို့ထားသော တိုင်ကြားစာအကြောင်းပြန်မလာဟုဆို

By Western News/ 2021 January 13

အောင်စိုး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ တပ်မတော်သားများယူဆောင်သွားသော ဆန်အိတ်များကို စစ်ဘေးရှောင်များထံသို့ ပြန်ပေးရန် ရခိုင်ပြည်နယ်အစိုးရရုံးကို စာပေးပို့ထားသော်လည်း တိုင်ကြားစာနှင့် ပတ်သက်၍ ၎င်းတို့ဖက်မှတစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိဟု မြောက်ဦးခရိုင်အုပ် ချုပ်ရေးမှူးက ပြောသည်။၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၁ ရက်နေ့က အင်အား ၁၀၀ ကျော်ခန့်ရှိသည့်တပ်မတော်သားများက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့တို့မှ စစ်ဘေးရှောင်များအတွက် လှူဒါန်းထားသော ဆန်အိတ် ၁၀၀ ကျော်ကို တိမ်ညိုဘုန်းတော်ကြီးကျောင်းမှ ယူဆောင်သွားခြင်းဖြစ်သည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို စခန်းတာဝန်ခံက တိုင်ကြားစာပေးပို့ခဲ့ပြီး ခရိုင်မှတဆင့် ပြည်နယ်သို့ တင်ပြခဲ့ကြောင်း မြောက်ဦးခရိုင်အုပ်ချုပ် ရေးမှူး ဦးရဲထွန်းဇော်ကပြောသည်။“ တပ်ကယူဆောင်သွားတဲ့ဆန်တွေက စစ်ဘေးရှောင်တွေအတွက်ရိက္ခာတွေဆိုတာပေါ်လွင်တယ်။ ဒီတော့ ယူဆောင်သွားတဲ့ ဆန်အိတ်တွေကိုပြန်ပေးသင့်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်က အစိုးရရုံးကို စာတင်ထားတာ အခုဆိုရင် တစ်လတစ်နှစ်လ ရှိပြီ။ သူတို့ကဆန်အိတ်တွေကိုပြန်ပေးမှာလား၊ မပေးဘူးလားဆို တာကို အခုချိန်ထိ အကြောင်းမပြန်လာသေးဘူး။”ဟု ပြောသည်။ယင်းအပြင် တပ်မတော်ကဆန်အိတ်များကိုယူဆောင်သွားသည့်ကိစ္စနှင့်ပတ်သက်၍ တိမ်ညိုစစ်ဘေးရှောင် စခန်းအပြင်အခြား စစ်ဘေးရှောင်စခန်း ၁၀ ကျော်အားတပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ကဝင်ရောက်စစ်ဆေးမည်ဟု မြောက်ဦးခရိုင်စီမံခန့်ခွဲမှု ကော်မတီမှုကစာထုတ်ပြန်ထားသဖြင့် စစ်ဘေးရှောင်များမှာ စိုးရိမ်မှုများရှိနေသည်။စစ်ဘေးရှောင်စခန်းများအား တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့မှစစ်ဆေးသည့်အချိန်တွင် စစ်ဘေးရှောင်များ အနေဖြင့် စိုးရိမ်ကြောက်လန့်မှု မရှိနိုင်ရန်အတွက် မြောက်ဦးခရိုင်အုပ်ရေးမှူးက စခန်းတာဝန်ခံများနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများအား ယနေ ့ဇန်နဝါရီ ၁၃ ရက်နေ့တွင်ခေါ်ယူတွေ့ဆုံနေသည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်ကပြောသည်။“ စစ်ဘေးရှောင်စခန်းတွေကိုစစ်ဆေးမယ်ဆိုတော့ စစ်ဘေးရှောင်တွေကအကုန်လုံးကြောက်လန့်နေကြတယ်။ ဒါကြောင့် စစ်ဆေးတဲ့ အချိန်မှာ ကျွန်တော်ကိုယ်တိုင်လိုက်မယ်။ တပ်မတော်သားတွေ အကြောင်းမဲ့ရိုက် နှက်မှုတွေ မဖြစ်အောင်ပေါ့။ ကျွန်တော်အနေနဲ့ သံသယနဲ့ဖမ်းဆီး၊ ရိုက်နှက်မှုတွေကို လုံးဝလက်မခံဘူး ”ဟု ပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးဝင်းမြင့်က “ စာပို့ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ကျွန်တော်ဘာတစ်ခုမှမသိဘူး။ ကျွန်တော်ဆီကိုလည်းမရောက်ဘူး”ဟု ပြောသည်။

Western News- WN

https://www.facebook.com/102405104899336/posts/210939767379202/

Leave a Reply

Your email address will not be published.