By VOA/ January 28 / 2021

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို သတိပေးနေတာကြောင့် နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာမယ့်အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်ခြေရှိတဲ့ မဲစာရင်းတွေဆိုပြီး တပ်မတော်က အချက်အလက်တွေကို ဆက်တိုက် ထုတ်ပြန်နေသလို ဒီတပတ်ထဲမှာပဲ တပ်မတော်အကြီးအကဲကိုယ်တိုင် သတိပေးတဲ့ သဘောထား ပြောဆိုခဲ့တာကြောင့် နိုင်ငံရေး တင်းမာမှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။
မဲမသမာမှုတွေ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စကို ဖြေရှင်းဖို့ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားပေမဲ့ တိတိကျကျ တ့ုံပြန်မှုတွေ မရတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခြေခံ ဥပဒေကို လိုက်နာမှုမရှိရင် ဖျက်သိမ်းပစ်မယ်လို့ ပြောဆိုတာရှိခဲ့သလို တပ်မတော်က အာဏာသိမ်းမယ့် အလားအလာရှိ၊ မရှိ ဆိုတာကိုလည်း နေပြည်တော်က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ယတိပြတ် ငြင်းဆန်သွားတာ မရှိခဲ့ပါဘူး။ဒီကနေ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ မဲမသမာမှုဖြစ်နိုင်တဲ့စာရင်းဟာ ၁၀ သန်းကျော်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ ဖြေရှင်းလို့ရတဲ့ ပြဿနာအဖြစ် VOA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲရလဒ် ပြောင်းလဲစေနိုင်လောက်တဲ့ အမှားအယွင်း မရှိဘူးလို့ မြင်ပါတယ်။ ချို့ယွင်းချက် ရှိတာက တစ်ပိုင်းပေါ့။ ကျနော်တို့ အခု ဒီပြဿနာဟာ အထူးသဖြင့် မဲစာရင်းကိုပဲ ရမယ်ရှာနေတာဖြစ်ပါတယ်။ အဲဒီတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တပ်မတော်က စစ်ဆေးထားတဲ့ တတိယအကြိမ် မဲစာရင်းနဲ့ပတ်သက်ပြီး ရှင်းလင်းချက် ထုတ်ပြန်လိုက်မယ်ဆိုရင်တော့ ဒါ ခုဖြစ်နေတဲ့ လိပ်ခဲတည်းလည်း ပြဿနာက ပြေလည်မယ်လို့ ကျနော်တို့ မြင်ပါတယ်။”
တပ်မတော်က ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့မှာပဲ ရွေးကောက်ပွဲကို ဥပဒေနဲ့အညီ ကျင်းပခဲ့တာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပြင် နိုင်ငံရေးအရ တင်းမာနိုင်တဲ့ အခြား အခြေခံအကြောင်းရင်းတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။“ပြဿနာက ရွေးကော်က အစောကြီးတည်းက ရှင်းရင်တော့ လွယ်တာပေါ့ဗျာ။ အဲဒီတော့ ရွေးကောက်ပွဲပြီး ၃ လလောက် ကြာလာတဲ့အထိ မရှင်းတဲ့အခါကျ ပြဿနာက ပိုပိုကြီးလာတာပေါ့။ ဒါပြင်နောက်ဆက်တွဲပြဿနာကတော့ ပြည်ထောင်စုလွှတ်တော် မခေါ်တဲ့ ပြဿနာပေါ့။ ဥပဒေအရ ၂၅ ရာခိုင်နှုန်းက လက်မှတ်ထိုးပြီးတော့ ခေါ်လည်းပဲ ခေါ်မပေးဘူးလေ။ အကြောင်းပြပြီးတော့။ အဲဒီဟာမျိုးမှာတော့ ရွေးကောက်ပွဲကော်မရှင် ပြဿနာတင်မကတော့ဘဲနဲ့ အခြားပြဿနာတွေပါ ဖြစ်နေတယ်လို့ ကျနော်တော့ မြင်ပါတယ်။”
မကြာခင် အစိုးရသစ်နဲ့ လွှတ်တော်သစ်တွေ ပေါ်ပေါက်တော့မယ့် အချိန်မှာပဲ နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာမယ့် အရိပ်အယောင်တွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေထောက်ကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းခွင့် မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း အခြားနည်းလမ်းတွေနဲ့ ကြိုးပမ်းလာမယ် ဆိုရင်တော့ ဖြစ်နိုင်တာတွေ ရှိတယ်လို့လည်း ဥပဒေပညာရှင် ဦးကြီးမြင့်က သုံးသပ်ပါတယ်။
“သူက အာဏာသိမ်းဖို့လို့ တန်းပြီးတော့ မကြေညာဘဲနဲ့။ သမ္မတကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ ကာလုံခေါ်ပေးဖို့တို့၊ လက်မှတ်ထိုးပေးဖို့တို့၊ သူ့ကို လွဲှပေးဖို့တို့ သူတောင်းဆိုကောင်း တောင်းဆိုမယ်။ အဲဒီလိုတောင်းဆိုပြီးတော့မှ သမ္မတက ငြင်းလိုက်ပြီဆိုတော့မှ ၂၀၀၈ အပြင်ဘက်ကနည်းနဲ့ အာဏာသိမ်းတယ်ပေါ့။ အဲဒီလို လုပ်နိုင်တယ်ပေါ့။”၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀(ဂ) မှာ အရေးပေါ်အခြေအနေပေါ်ပေါက်လာရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ် ပြဌာန်းချက်နဲ့အညီ ရယူသုံးစွဲနိုင်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။
ပုဒ်မ၄၁၇ မှာတော့ သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)နဲ့ ညှိနှိုင်းပြီး အရေးပေါ်အခြေအနေထုတ်ပြန်နိုင်ကြောင်းနဲ့ ပုဒ်မ ၄၁၈မှာတော့ အရေးပေါ်အခြေအနေကို ထိန်းသိမ်းဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတွေကို အပ်နှင်းနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
https://www.facebook.com/351574300169/posts/10158845704700170/