တပ်က အမှုဖွင့်ခံရသည့် DMG သတင်းထောက်နှစ်ဦးကိစ္စ သတင်းမီဒီယာကောင်စီထံ တိုင်ကြား

By Myanmar now/ 2021 January 25

စစ်တွေအခြေစိုက် DMG သတင်းဌာနသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် နှစ်မှု ၊ မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၂) ဖြင့် တစ်မှု စုစုပေါင်း အမှုသုံးခုကို ရင်ဆိုင်နေရပြီး သတင်းဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်လည်း အပိတ်ခံထားရသည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG)၏ အယ်ဒီတာတစ်ဦးနှင့် သတင်းထောက်တစ်ဦးကို ဆက်သွယ်ရေးပုဒ်မဖြင့် တပ်မတော်အရာရှိတစ်ဦးက အမှုဖွင့်ခဲ့ခြင်းအပေါ် ကြားဝင်ညှိနှိုင်းပေးရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားကြောင်း အမှုဖွင့်ခံထားရသူက ပြောသည်။ 

ဇန်နဝါရီ ၁၀ က ဖော်ပြခဲ့သော “ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတောင်း ၇၀၀ ကို တပ်မတော်သားများ ယူဆောင်သွား” ဆိုသော သတင်းကြောင့် သတင်းရေးသူ နှင်းနွယ်နှင့် DMG သတင်းဌာန၏ ဒုတိယတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံကို ဗိုလ်မှူးဘုန်းမြင့်ကျော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဇန်နဝါရီ ၂၂ က စစ်တွေနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် သတင်းရေးသားချက်များနှင့်ပတ်သက်၍ မကျေနပ်မှုများရှိပါက သတင်းမီဒီယာကောင်စီ ( MPC) မှတစ်ဆင့် ဖြေရှင်းသင့်ကြောင်း၊ ကြီးလေးသည့်ပုဒ်မများဖြင့် ယခုကဲ့သို့ တိုက်ရိုက်အမှုဖွင့်ခြင်းကို မလိုလားကြောင်း ကိုနေဝင်းစံက ပြောသည်။

“MPC က တစ်ဆင့် မသွားဘဲ တိုက်ရိုက်ကြီး အမှုဖွင့်တာကို ကျွန်တော်တို့ အမြဲကြုံရတယ်။ ဒါတွေကို ရပ်တန့်ဖို့လည်း ကျွန်တော်တို့ အမြဲတမ်းတောင်းဆိုပါတယ် ”ဟု ၎င်းက ဆိုသည်။

သတင်းမီဒီယာဥပဒေတွင် သတင်းသမားတစ်ဦးအား ဥပဒေအရ အရေးယူမည်ဆိုပါက သတင်းမီဒီယာကောင်စီကို ရှေ့ဦးစွာ တိုင်ကြားရမည်ဟု ပြဋ္ဌာန်းထားသည်။ 

တပ်မတော်က တရားစွဲအမှုဖွင့်ခြင်းအပေါ် သတင်းမီဒီယာဥပဒေအရ ကြားဝင်ဖြေရှင်းညှိနှိုင်းပေးရန် MPC သို့ ယနေ့ ဇန်နဝါရီ ၂၅ တွင် အကြောင်းကြားစာ ပေးပို့ထားသည်ဟု သိရသည်။

“အဲဒီသတင်းဟာ မှားယွင်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့တပ်မတော်ကို ဆိုရှယ်မီဒီယာမှာ အရှက်ခွဲတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ၆၆ (ဃ) နဲ့ အမှုဖွင့်တယ်လို့ အမှုစစ်အရာရှိက ပြောတယ်။ တိုင်ကြားစာမှာ အဲဒီလိုပါတယ်လို့ ပြောတယ်”ဟု DMG ရုံးတာဝန်ခံ ကိုဇော်ဇော်က ဆိုသည်။

သတင်းမီဒီယာကောင်စီမှ တပ်မတော်ဘက်သို့ စာပေးပို့ထားပြီး မီဒီယာဥပဒေဖြင့် မစွဲဘဲ အခြားပုဒ်မများနှင့် စွဲဆိုမှုသည် သတင်းမီဒီယာနှင့် တပ်မတော်ကြား ဆက်ဆံရေးထိခိုက်စေနိုင်သည်ဟု သတင်းမီဒီယာကောင်စီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။ 

“DMG ကလည်း စာပို့ထားတယ်။ ကျွန်တော်တို့က တပ်မတော်ကိုလည်း ဒီနေ့ စာပို့တယ်ပေါ့နော်။ ကောင်စီကို ရှေးဦးစွာ တိုင်ကြားဖို့အတွက်ပေါ့။ ဆိုလိုချင်တာက အဲလို အရင် တိုင်ကြားခဲ့တဲ့သာဓကတွေလည်း ရှိတယ်။ အဲဒီအစဉ်အလာကို ဆက်ပြီးတော့ ထိန်းသိမ်းစေချင်တယ်။ နောက်တစ်ခုက မီဒီယာဥပဒေနဲ့မဟုတ်ဘဲ တခြားပုဒ်မတွေနဲ့ စွဲတွေဟာမျိုးက သတင်းမီဒီယာနဲ့တပ်မတော်ကြား ဆက်ဆံရေးထိခိုက်စေတယ်ပေါ့ ”ဟု ဦးမြင့်ကျော်က ပြောသည်။ 

“ကောင်စီကနေ တစ်ဆင့် တိုင်ကြားခြင်းမပြုဆိုတဲ့ဟာတွေက အစဉ်အလာဖြစ်သွားရင် မကောင်းဘူးပေါ့နော် ။ မီဒီယာလွတ်လပ်ခွင့်လိုဟာမျိုးမှာလည်း သွားပြီးတော့ ထိခိုက်စေနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။ 

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် ရက္ခိုင့်တပ်တော် (AA) အကြောင်း သတင်းရေးသားဖော်ပြမှု အချို့နှင့် ပတ်သက်ပြီး သတင်းမီဒီယာကျင့်ဝတ် ချိုးဖောက်သည်ဟုဆိုကာ သတင်းထောက် ၄ ဦးကို ရဲတပ်ဖွဲ့က ၂၀၂၀ ဇွန်လအတွင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) ထံ တိုက်ရိုက်တိုင်ကြားခဲ့ကြသည်။ 

မတိုင်ကြားခင်က AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားသည့် အင်တာဗျူးတစ်ခုကို မတ် ၂၇ တွင် VOM သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့် မတ် ၃၀ တွင် မန္တလေးရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ခဲ့သည်။ 

ထို့နောက် သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့ပြီးနောက် ကောင်စီက ကြားဝင်ကာ ဖြေရှင်းပေးခဲ့သည်။ 

မြောက်ဦးမြို့တွင် ၂၀၁၉ မတ်လက ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်း ဧရာဝတီသတင်းဌာန မြန်မာပိုင်းတွင် ဆောင်းပါးဖော်ပြမှုနှင့် ပတ်သက်၍ ၎င်းသတင်းဌာန၏ အကြီးတန်းအယ်ဒီတာ ကိုရဲနည်ကို တပ်မတော်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ၂၀၁၉ က အမှုဖွင့်ခဲ့သေးသည်။ 

DMG ၏ အယ်ဒီတာချုပ်နှင့် အမှုဆောင်ဒါရိုက်တာ ကိုအောင်မင်းဦးကို သတင်းတပ်ဖွဲ့က မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၂) ဖြင့် ၂၀၁၉ တွင် အမှုဖွင့်ထားသောကြောင့် တိမ်းရှောင်နေရသည်။ 

မောင်တောမြို့နယ် အခြေစိုက် DMG သတင်းထောက် ကိုအောင်ကျော်မင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာနက တရားလိုပြုလုပ်ကာ ပြီးခဲ့သည့် ၂၀၂၀၊ ဒီဇင်ဘာ ၁၁ ၌ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည်။

ထို့ကြောင့် DMG သတင်းဌာနအနေဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် နှစ်မှု၊ မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၂) ဖြင့် တစ်မှု စုစုပေါင်း အမှုသုံးခုကို ရင်ဆိုင်နေရသည်။ 

အမှုဖွင့်ခံရခြင်းကြောင့် ထပ်မံ သတင်းမရေးသားရန် ခြိမ်းခြောက်သည့်သဘောဆောင်ကြောင်း ကိုနေဝင်းစံက ပြောသည်။

“အမှုဖွင့်ခံရတယ်ဆိုရင် နောက်ထပ် မရေးရဲအောင် ခြိမ်းခြောက်သလိုမျိုး ဖြစ်နေတာပေါ့။ သတင်းထောက်တွေဘက်မှာလည်း စိုးရိမ်စိတ်တွေလည်း ဖြစ်လာတယ်ပေါ့။ နောက်ထပ် အဲဒီလိုမျိုးသတင်းတွေ ရေးလိုက်ရင် ဒီလိုမျိုး အမှုဖွင့်ခံရမှာလားဆိုပြီး စိုးရိမ်စိတ်တွေရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်သူများနစ်နာချက်များကို မည်သူမျှ ဖော်ပြနိုင်မည်မဟုတ်သောကြောင့် ပြည်သူလူထုများကြုံတွေ့နေရသည့် ခံစားချက်များ ပျောက်ကွယ်သွားနိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

DMG သတင်းဌာနကို၂၀၁၂ တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း သတင်းများကို ရေးသားနေပြီး သတင်းဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်လည်း လက်ရှိအချိန်ထိ အပိတ်ခံထားရသည်။

https://www.facebook.com/518067831674293/posts/1999490693531992/

Leave a Reply

Your email address will not be published.