တစ်နှစ်ကျော်ကြာပိတ်ထားခဲ့သည့် ဒါးလက်ကျေးရွာအုပ်စု၏ ကုန်းလမ်းပြန်ဖွင့်

By Development Media Group/ January 3/ 2021

စစ်တွေလုံခြုံရေးအရ တပ်မတော်က တစ်နှစ်ကျော်ကြာပိတ်ပင်ထားသည့် အမ်းမြို့နယ်ရှိ ဒါးလက်ကျေးရွာအုပ်စု ကုန်းလမ်းသွားလာခွင့်ကို ပြန်လည်ဖွင့်ပေးလိုက်ပြီး ကုန်ပစ္စည်းများသယ်ယူခွင့်ကိုလည်း ဒီဇင်ဘာ ၃၀ ရက် နေ့ကစတင်ကာ ခွင့်ပြုပေးလိုက်ကြောင်း ဒေသခံများထံမှသိရသည်။ကျေးရွာပေါင်း ၅၀ ခန့်ရှိသည့် ဒါးလက်ကျေးရွာအုပ်စုကို ကုန်းလမ်းသွားလာခွင့် ပိတ်ပင်ထားသည့်ကာလတွင် ဆန်ရိက္ခာများကို သယ်ယူခွင့်မပြုခဲ့သော်လည်း လက်ရှိတွင် မှတ်ပုံတင်ပြ၍သွားပါက ကုန်ပစ္စည်းများကို လိုသလောက် သယ်ယူခွင့်ရကြောင်း ဒေသခံများကပြောဆိုကြသည်။ကုန်းလမ်းသွားလာခွင့်ကို ခွင့်ပြုပေးထားသော်လည်း ယင်းဒေသအတွင်း တပ်မတော်သားများရှိနေသည့် အတွက် သွားလာနေစဉ် တစ်စုံတစ်ခုဖြစ်မည်ကိုစိုးရိမ်ကြောင်း အမ်းမြို့နယ်၊ ရှမ်းကုန်းကျေးရွာမှ ဦးတင်လွင်က ပြောသည်။“မြို့နယ်အုပ်ချုပ်ရေးမှူးကတစ်ဆင့် အကြောင်းကြားလာလို့သိရတာပါ။ ကျနော်တို့ အလယ်ကျွန်းမှာ ဆိုရင်လည်း တပ်မတော်သားတွေကရှိသေးတယ်။ အမ်းဖက်ကို သွားတဲ့လမ်းမှာလည်း မှတ်ပုံတင်စစ်ဆေးတဲ့ တပ်မတော်သားတွေရှိတယ်။ အဲ့တာကြောင့် လွတ်လွတ်လပ်လပ် မသွားရဲကြသေးဘူး” ဟု ၎င်းကဆိုသည်။ဒါးလက်အုပ်စုအတွင်းမှ ဒေသခံများမှာ ကမ်းထောင့်ကြီး၊ မင်းပြား၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်တို့မှ တင်ပို့သည့် စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများကို အဓိက ဝယ်ယူစားသောက်ကြခြင်းဖြစ်သည်။ယင်းအပြင် တောင်ယာလုပ်ငန်းမှရရှိသည့် စားသောက်ကုန်များနှင့် သစ်ဝါးများ၊ ငါးဖမ်းလုပ်ငန်းများအား ရေလမ်းကိုအဓိကအားကိုးပြီး လုပ်ကိုင်ရသည့်အတွက် ရေလမ်းသွားလာခွင့်ကို ပြန်လည်ဖွင့်ပေးစေလိုသည်ဟု ဒါးလက်ကျေးရွာမှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။“ကုန်းလမ်းကို ဖွင့်ပေးတဲ့အတွက်လည်း ကျွန်မတို့ဝမ်းသာပါတယ်။ ကျွန်မက စိုးရိမ်စိတ်တော့ရှိတယ်။ အခု ကုန်းလမ်းကိုဖွင့်ပေးပေမဲ့လည်း ရေလမ်းကိုလည်းဖွင့်ပေးဖို့တောင်းဆိုချင်ပါတယ်။ ပိုက်ဆံရဖို့အတွက်ကျတော့ ရေလမ်းကိုအားကိုးရတယ်။ စားဖို့သောက်ဖို့အတွက် အလုပ်လုပ်ရအုံးမယ်လေ” ဟု ၎င်းကဆိုသည်။လက်ရှိ ကုန်းလမ်းကို ဖွင့်ပေးထားသော်လည်း စိတ်လုံခြုံမှုများရှိနိုင်မည်မဟုတ်သေးကြောင်း အမ်းမြို့နယ် ဒေသခံ ကိုမျိုးလွင်ကပြောသည်။“သွားရ၊ လာရလမ်းတွေမှာ တပ်စခန်းတွေရှိတော့ သူတို့လည်းစိုးရိမ်ကြမယ်။ ရှေ့မှာကြုံခဲ့ရတာတွေလည်း ရှိနေပြီဆိုတော့လေ။ သွားရင်းလာရင်း စစ်ဆေးခံရတာတွေ၊ မှိုင်းပေါက်ကွဲတာတွေရှိတော့ သူတို့အတွက် လုံခြုံတဲ့ အနေအထားမှာရှိနေမှပါ” ဟု ဆိုသည်။အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ ကျေးရွာပေါင်း ၅၀ ခန့်အား တပ်မတော်သားများအနေဖြင့် လုံခြုံရေးအရ ရေလမ်းသွားလာခွင့်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကပိတ်ပင်ခဲ့ပြီး ကုန်လမ်းသွားလာခြင်းနှင့် ပစ္စည်း သယ်ယူခွင့်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ပိတ်ပင်ခဲ့သည်။ဒီဇင်ဘာ ၂ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်ကိုယ်စားလှယ်များ အွန်လိုင်းမှ တစ်ဆင့်ဆွေးနွေးရာတွင် တိုက်ပွဲကာလအတွင်း ပိတ်ဆို့ထားသည့် ကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံ ပြည်သူလူထုများ စိုးရိမ်မှုကင်းမဲ့စွာဖြင့် ခရီးသွားလာနိုင်ရန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို လုံခြုံစွာ သယ်ယူနိုင်ရန်နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

https://www.facebook.com/466648543487562/posts/1912256252260110/

Leave a Reply

Your email address will not be published.