By Western News/ 2021 January 23
ခိုင်ဇော်ထွန်း


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ တစ်နှစ်နီးပါးကြာ ပျောက်ဆုံးနေသည့် တင်းမကျေးရွာသား ၁၈ ဦးကိစ္စကို မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးမှ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် စုံစမ်းစစ်ဆေးရေးကော်မတီက စတင်ခေါ်ယူစစ်ဆေးခဲ့သည်။ ပျောက်ဆုံးနေသူ ၁၈ ဦးထဲမှ ၆ ဦး၏ မိသားစုဝင်များကို ဇန်နဝါရီလ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် စတင်ခေါ်ယူစစ်ဆေးခဲ့ခြင်းပြီး စစ်ဆေးရန်ကျန်ရှိသည့် ၁၂ ဦး၏ မိသားစုဝင်များကို ယနေ့ ခေါ်ယူစစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။အဆိုပါစုံစမ်းစစ်ဆေးရေးကော်မတီကို မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၆ ရက်နေ့က ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်ပြီး ယင်းကော်မတီတွင် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောက်တော်မြို့နယ်ရဲမှူးနှင့် တင်းမကျေးရွာမှ ရပ်မိရပ်ဖ ဦးသိန်းထွန်းတို့ပါဝင်သည်။ကော်မတီတွင်ပါဝင်သည့် ဦးသိန်းထွန်းက“မနေ့ကတော့ ၆ ယောက်ရဲ့မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးခဲ့တယ်။ မြို့နယ်ထွေ/ အုပ်ရုံးမှာ စစ်ဆေးတာ။ စစ်ဆေးဖို့ကျန်ရှိနေသေးတဲ့ ၁၂ ယောက်ရဲ့မိသားစုဝင်တွေကိုတော့ ဒီနေ့မှာခေါ်ယူစစ်ဆေးသွားဖို့ရှိတယ်။ အားလုံးစစ်ဆေးပြီးရင်တော့ တွေ့ရှိတဲ့စစ်ဆေးချက်တွေကို သမ္မတရုံး၊ အတိုင်ပင်ခံရုံး၊ လူ့အခွင့်အရေးကော်မရှင်နဲ့ကာကွယ်ရေး ဝန်ကြီးဆီကို တင်ပြပေးပို့သွားဖို့ရှိတယ်။ ဘယ်နေ့ပေးပို့သွားမယ်ဆိုတာကိုတော့ ကျွန်တော်လည်း မသိသေးဘူး”ဟုပြောသည်။ပျောက်ဆုံးနေသူတစ်ဦးဖြစ်သည့် ဦးထွန်းမောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မေဝင်းက စစ်ဆေးမှုကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်းမွာ နောက်ဆက်တွဲဖြစ်ပေါ်လာမည့်အကြောင်းအရာများပေါ်တွင် မူတည်ကြောင်းပြောသည်။“ယုံကြည်တယ်၊ မယုံကြည်ဘူးဆိုတာက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကြောင်းအရာအပေါ်မှာမှုတည်တယ်။ အပြည့်အဝတော့ယုံကြည်မှုမရှိဘူး။ ကျွန်မတို့ကတော့ လက်မှတ်ထိုးခဲ့ပြီးပြီ။ အမှန်တရားတစ်ခုဖြစ်လာမယ်လို့တော့ မျှော်လင့်ထားတယ်”ဟုပြောသည်။စစ်ဆေးနေမှုနှင့် ပတ်သတ်ပြီး ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ဆက်သွယ်ရာတွင်ဟုတ်မှန်ပြီး၊ အသေးစိတ် ပြော၍ မရကြောင်းနှင့် စစ်ဆေးရန်ကျန်ရှိနေသည့် ၁၂ ဦး၏ မိသားစုဝင်များကိုလည်း မကြာခင် စစ်းဆေးမည်ဖြစ်ကြောင်း ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု မြို့နယ် အုပ်ချုပ်ရေးမှူးကပြောသည်။ပျောက်ဆုံးနေသူ ၈ တန်းအရွယ်ကျောင်းသားမောင်ထွန်းထွန်းဝေ၏ မိခင်ဖြစ်သူ ဒေါ်အေးအေးရီက စစ်ဆေးခြင်းကြောင့် သက်ရောက်မှု ရှိလာမည့် အကျိုးဆက်များကို မျော်လင့်နေပြီး လွတ်ခြင်း၊ မလွတ်ခြင်း သားဖြစ်သူအား ပြန်တွေ့ခြင်း၊ မတွေ့ခြင်းမှာ နိုင်ငံတော်အကြီး အကဲများအပေါ်တွင်မူတည်ကြောင်းပြောဆိုသည်။ယင်းအပြင် မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းသိန်းအားဆက်သွယ်ရာတွင် စစ်ဆေးတွေ့ရှိချက်များမှာ သူ့ထံသို့မရောက်ရှိ သေးကြောင်းနှင့် ကျောက်တော်မြို့မရဲစခန်းသို့ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။တင်းမကျေးရွာသားများပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် တစ်စုံတစ်ရာ မသိရှိရ သေးကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်သောတပ်မတော်သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။တင်းမကျေးရွာသားများကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်၌ တပ်စွဲထားသော တပ်မ ၅၅ မှ တပ်မတော်သားများက ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး တင်းမ(သစ်) ကျေးရွာမှ ၈ ဦးကို လည်းကောင်း၊ မတ်လ ၁၆ ရက်နေ့တွင် တင်း(မကြီး) ကျေးရွာမှကျေးရွာသား ၁၀ ဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် သည်ဟု ကာယကံရှင်မိသားစုဝင်များကအခိုင်အမာ ပြောဆိုကြသည်။ တင်းမ (သစ်) ကျေးရွာမှ ဖမ်းဆီးခံရသူ ၈ ဦးမှာ ဦးမောင်စိန်ကြီး၊ ဦးလှကျော်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးစောရွှေသန်းတို့ဖြစ်သည်။ ထို့အတူ တင်းမ (ကြီး) ကျေးရွာမှ ၁၀ ဦးနှင့် ဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့မှာ ဦးမောင်ကြည်လင်း၊ ကိုနေလင်းဦး၊ ဦးမောင်ဝင်းကြီး၊ ဦးမောင်ဝင်းချေ၊ ဦးမောင်စိန်ဝင်း၊ ဦးအောင်ညွှန့်၊ မောင်ထွန်းထွန်းဝင်း၊ ဦးယဉ်မောင်၊ ဦးသန်းမောင်ထွန်း၊ ဦးထွန်းမောင်ဝင်း၊ ဦးထိပ်စု၊ ဦးအောင်သာဘန်းနှင့် ဦးဇော်မျိုးနိုင်တို့ဖြစ်သည်။ တင်းမကျေးရွာသားများအား ဖမ်းဆီးသွားသည့်ကိစ္စနှင့်ပတ်သက်၍ မိသားစုဝင်များနှင့် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့မှ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားစာပေးပို့ခဲ့ရာ ရွာသားများကို တပ်မတော်အနေဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများမရှိကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့က အကြောင်းပြန်ခဲ့ကြောင်းလည်းသိရသည်။
Western News-WN
https://www.facebook.com/102405104899336/posts/217645353375310/